
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကော်မရှင်အရာရှိချုပ် ဂျနက်ရှ်ကူမားနုတ်ထွက်ပေးဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တောင်းဆိုဆန္ဒပြနေကြပြီး စက်တင်ဘာ ၂၅ ရက်ကတော့ တချို့နေရာတွေမှာ ရဲတပ်ဖွဲ့က ရေမြောက်နဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
ဟိမဝန္တာတောင်ခြေမှာရှိတဲ့ မြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်မှာတော့ ဆန္ဒပြသူတွေဟာ ကူမားနဲ့ ဝန်ကြီးချုပ် မိုဒီတို့ရဲ့ ပုံစံတူရုပ်တုတွေကို မီးရှို့ခဲ့ကြပါတယ်။
မြောက်ပိုင်း ချန်ဒီဂါးရ်နဲ့ အရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တို့မှာလည်း ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရေအမြောက်နဲ့ ပစ်ခတ်လူစုခွဲခဲ့ပြီး တချို့ကိုတော့ ဆန္ဒပြနေရာကနေ ဖယ်ရှားခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်မှာ ကူမားသာ မနုတ်ထွက်ရင် အိန္ဒိယနိုင်ငံရဲ့ ပိုးဟပ်လူငယ် လှုပ်ရှားမှုအဖွဲ့ဟာ အောက်တိုဘာ ၂ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ စတင်သွားမယ်လို့ တည်ထောင်သူ အဘီဂျီးသ်ဒိပ်ကေ က သောကြာနေ့မှာ ပြောပါတယ်။
အတိုက်အခံအဖွဲ့တွေနဲ့ သူတို့ဖာသာ 'ကော့ကရုတ်ချ် ဂျနတာ ပါတီ' လို့ နာမည်ပေးထားတဲ့ အဖွဲ့တွေက ကူမားကို နုတ်ထွက်ဖို့ တောင်းဆိုနေကြတာပါ။ အတိုက်အခံအဖွဲ့တွေရဲ့ ပြောကြားချက် အရ ဝန်ကြီးချုပ်မိုဒီ ရဲ့ ပါတီကို အကျိုးပြုစေမဲ့ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ကူမားရဲ့ လက်အောက်ငယ်သားတွေက သူ့ကို မေးခွန်းထုတ်ခဲ့ကြတယ်လို့ သတင်းစာတစောင်မှာ ဖော်ပြခဲ့ပြီးနောက်မှာ ခုလို တောင်းဆိုမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
အမျိုးသားကွန်ဂရက်ပါတီရဲ့ လူငယ်အဖွဲ့အစည်းဥက္ကဋ္ဌ အူဒေးဘာနူချိဘ်ကလည်း ကူမားအနေနဲ့ တိုင်းပြည်အတွင်းက နိုင်ငံသား သန်း ၁၃၀ ရဲ့ မဲပေးပိုင်ခွင့်ကို လုယူခဲ့တာကြောင့် ထောင်ကျ မှာဖြစ်ပြီး အဖြစ်မှန်ကနေ လွတ်မြောက်လို့မရကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြည်ပကို ထွက်ပြေးဖို့ ကြိုးစားရင်လည်း လေဆိပ်တိုင်းမှာ ကွန်ဂရက်လူငယ်တွေ စောင့်နေမှာ ဖြစ်ပြီး ဖမ်းဆီးပြီးတော့ ထောင်ချပစ်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်ကတော့ အရာရှိတွေအကြား အမြင်မတူတာဟာ ဘယ်အဖွဲ့အစည်းမှာ မဆို ဖြစ်လေ့ဖြစ်ထရှိတာမျိုးဖြစ်ပြီး ကော်မရှင်ရဲ့ လုပ်ဆောင်ချက် အားလုံးဟာလည်း ဥပဒေနဲ့အညီ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Source:Reuters










