DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးရာ၌ အလုပ်သမားအရေးလှုပ်ရှားသူများ မပါဝင်
ဇွဲသစ်
·
April 25, 2026
Photo : DVB
Photo : DVB
Donate to DVB

ဧပြီ ၁၇ ရက် မြန်မာ့နှစ်ဆန်းတရက်မှာ စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်က နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၄,၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ ပါဝင်မှု မရှိသလောက် နည်းပါး  ခဲ့ပါတယ်။

လွတ်ငြိမ်းခွင့်ထဲမှာ ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုနဲ့ နိုင်ငံရေးဆိုင်ရာအမှုတွေ ပါဝင်မှု နည်းပါးတာ ကို တွေ့ရပြီး ဒါဟာ စစ်အာဏာရှင်ရဲ့  နိုင်ငံရေးအမြတ်ထုတ်မှုလို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကာ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပြီး လက်ရှိအချိန်ထိ သမဂ္ဂအဖွဲ့ဝင်တွေ ရာနဲ့ချီ ဖမ်းဆီးခံထားရပါတယ်။

အကျဉ်းထောင်အတွင်း သမဂ္ဂခေါင်းဆောင်တွေဆိုရင် အထူးစောင့်ကြည့်ခံရတဲ့ အခြေအနေလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “ကျနော်တို့ အလုပ်သမဂ္ဂ ခေါင်းဆောင်တွေဆိုရင် ရာနဲ့ချီပြီး ရှိနေတယ်။ ပြဿနာက အလုပ်သမား သမဂ္ဂခေါင်းဆောင် တွေဆိုရင် အတွင်းထဲမှာ အရမ်းစောင့်ကြည့်တယ်။ ကျနော် ကိုယ်တိုင်လည်း အကျဉ်းထောင်မှာ နေခဲ့စဉ်ကာလ တလျှောက်လုံးမှာ တောက်လျှောက် စောင့်ကြည့်ခံ အကျဉ်းသားတွေနဲ့ နေခဲ့ရတယ်။ ယုတ်စွအဆုံး အိမ်နဲ့ မိသားစု ဧည့်တွေ့ ခွင့် ရှိတယ်ဆိုရင်တောင် ဘေးနားကနေ ဝန်ထမ်းက ကျနော်နဲ့ ကျနော့်မိသားစု ပြောတာတွေကို လက်ရေးတိုနဲ့ ရေးပြီး အထက်အဆင့်ဆင့်ကို တင်ပြတဲ့အထိ စောင့်ကြည့်ခံခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ကျနော်တို့ စိုးရိမ်ရတာက အလုပ်သမား သမဂ္ဂခေါင်းဆောင်လို့ သိသွားတာနဲ့ နောက်အမှုတွေကို တိုးမှာကိုလည်း စိုးရိမ်ရတဲ့ အနေအထား ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနွေဦးတော်လှန်ရေး အစပြုခဲ့တာကိုက အလုပ်သမားသမဂ္ဂတွေ က စတင်ခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။

အာဏာသိမ်း ၅ နှစ်တာကာလအတွင်းမှာလည်း ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံရမှုတွေဟာ အာဏာမသိမ်းခင်ကထက် ပိုမို ဆိုးရွားနေပါတယ်။

အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့်မရှိဘဲ စက်ရုံအလုပ်ရုံတွေမှာ လုပ်အားခ ခေါင်းပုံ ဖြတ်ခံရတာ၊ အဓမ္မခိုင်းစေခိုင်းတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ ပိုများလာတယ် လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာ့နှစ်ဆန်းတရက်မှာ စစ်အာဏာရှင်သမ္မတ ပေးခဲ့တဲ့ လွတ်ငြိမ်းဟာ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်နဲ့ သီးသန့် လွှတ်ပေးတာ မဟုတ်တဲ့အတွက် အကျဉ်းချခံထားရတဲ့ အလုပ်သမားသမဂ္ဂတွေ လွတ်လာဖို့ သိပ်မမျှော်လင့်မိဘူးလို့ မြန်မာနိုင်ငံ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေး ပြောပါတယ်။

“နိုင်ငံရေးအရ အစိုးရအသစ် တက်တယ်ဆိုရင် ဒီလိုပဲ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရတာ ထုံးစံ ပဲလေ။ ဒါပေမဲ့ ဒီတခေါက် နှစ်ဆန်းတရက်မှာ ကြေညာတာက နိုင်ငံရေးအကျဉ်းသားလို့ မကြေညာဘူး။ နိုင်ငံရေးအကျဉ်းသားချည်းပဲ သီးခြားလွှတ်ပေးတာတောင် ကျမတို့တွေ ကျန်နေခဲ့တာဆိုတော့ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘဲ ဒီအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တာမှာ ကိုယ်တွေက အစကတည်းက အရမ်း မမျှော်လင့်ဘူး။ ဒါပေမဲ့ လွတ်လာနိုးနဲ့ မျှော်တာ ပေါ့။ ကျမ မှတ်ချက် ပြောရရင်တော့ မလွှတ်ပေးချင်လို့ မလွှတ်ပေးတာပေါ့။ လွှတ်ပေးချင်ရင် လွှတ်ပေးလို့ ရတယ်။ ဒီလူတွေ လွှတ်ပေးလိုက်ရင် နိုင်ငံရေးအရ တည်ငြိမ်မှု မရှိနိုင်ဘူးလို့ တွေးတာကြောင့်လို့ ယူဆပါတယ်။”

အလုပ်သမားအရေး လှုပ်ရှားသူတွေဟာ ဖမ်းဆီးခံရပြီးနောက် ခံဝန်နဲ့ ပြန်လွတ်လာခဲ့ရင်တောင် အလုပ်သမားအရေး ဆက်လက် လှုပ်ရှားခွင့် မရအောင် ဖိအားပေးခံရတာ၊ ချိန်းခြောက် စောင့်ကြည့် ခံရတာတွေ ဆက်လက် ကြုံနေရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြင်းအထန် ချိုးဖောက်ခံရမှုတွေကို ဖိအားပေးနိုင်ဖို့ Article 33 ကို အသက်သွင်းထားပြီး အဖွဲ့ဝင်နိုင်ငံတွေကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013