DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာလုပ်သားများအတွက် သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး စခန်းများဖွင့်
DVB
·
October 14, 2026
Photo: Nichapha Khamjareon
Photo: Nichapha Khamjareon
Donate to DVB

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး သက်ဆိုင်ရာက ယာယီအလုပ်လုပ်ခွင့်ပြုထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) အစိမ်းရောင်စာအုပ်တွေ ထုတ်ပေးဖို့ စခန်း ၅ ခု စတင်ဖွင့်လှစ်လိုက်ပါတယ်။

မူလက အောက်တိုဘာ ၁၀ ရက်မှာ ဖွင့်လှစ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဖွင့်လှစ်ကြောင်း စစ်အာဏာရှင်လက်အောက်ခံ မြန်မာအလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံက အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့်ရရေး၊ ဥပ‌ဒေပါ အကျိုးခံစားခွင့်ရရေးအတွက် စမုစခွန်း၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ ခရိုင် ၅ ခုမှာ CI ထုတ်ပေးရေးစခန်းတွေ ပြန်ဖွင့်ပေးသွားမှာ ဖြစ်တယ်။

CI လျှောက်ထားလိုတဲ့ အလုပ်သမားတွေဟာ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ CI  စာအုပ်ဖိုး ကုန်ကျစရိတ် ဘတ် ၂,၆၆၀ ကို ပေးသွင်းပြီး မိမိလျှောက်ထားလိုတဲ့ စခန်းအမည်နဲ့ နေ့ရက်တွေကို ရွေးချယ်နိုင်တယ်။

CI  လျှောက်ထားမဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ မိမိရရှိတဲ့ အခြေခံလုပ်အားခ လစာ ၃ လ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်က မိသားစုထံ ပြန်လွှဲထားတဲ့ အထောက်အထာားကိုပါ လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြရမှာပါ။

7-Eleven ဆိုင်မှာ ငွေသွင်းပြီးရင် ဆိုင်ကရတဲ့ ပြေစာနဲ့ မိမိရွေးချယ်ထားတဲ့ စခန်းနဲ့ နေ့ရက်တွေမှာ သွားလုပ်ရမှာဖြစ်တယ်။ အပိုကုန်ကျစရိတ်မရှိစေဖို့ အလုပ်သမားကိုယ်တိုင် ဒါမှမဟုတ် အလုပ်ရှင်က သွားပြီး လျှောက်ထားနိုင်တယ်။

CI လုပ်တဲ့ လုပ်ငန်းစဉ်မှာ အဆင်မပြေမှုတွေရှိရင် အလုပ်သမားသံအရာရှိရုံးစင်တာရဲ့ ဖုန်းနံပါတ် ၀၂၀၀၃၀၀၁၅ ကိုလည်းကောင်း ဘန်ကောက်၊ မဲဆောက်၊ ချင်းမိုင်နဲ့ ရနောင်းက အလုပ်သမား သံအရာရှိတွေထံ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနကလည်း မြန်မာလုပ်သားတွေအတွက် CI လက်မှတ် ထုတ်ပေးတာကို ၂၀၂၆ အောက်တိုဘာ ၁၄ ရက်ကနေ ၂၀၂၇ ဇန်နဝါရီ ၁၄ ရက်အထိ ဆောင်ရွက်ပေးသွားမယ်၊ CI စာအုပ် ရပြီးတာနဲ့ ရက်ပေါင်း ၉၀ အတွင်း နေထိုင်ခွင့်ဗီဇာ လျှောက်ထားရမှာဖြစ်တယ်၊ လုပ်ငန်းစဉ်တခုလုံးကို ၂၀၂၇ ဇွန်လ ၃၀ ရက်အတွင်း ပြီးအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီအုပ်စုက အလုပ်သမားတွေဟာ ၂၀၂၇ ဒီဇင်ဘာ ၁၁ ရက်ထိ ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေထိုင်ခွင့်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

CI စာအုပ်နဲ့ ထိုင်းတနိုင်ငံလုံး ခရီးသွားလာခွင့်၊ မြန်မာပြည်ပြန်ခွင့်ရမှာဖြစ်ပေမဲ့ ပတ်စပို့စာအုပ်ကြီး (အနီရောင်) လို‌တော့ နိုင်ငံခြားထွက်ခွင့် မရှိပါဘူး။

ထိုင်းအစိုးရကို နေထိုင်ခွင့်၊ အလုပ်သမားကတ်၊ ကျန်းမာ‌ရေးအာမခံခ စသဖြင့် ဘတ်ထောင်နဲ့ချီ သွင်းထားရတဲ့အပြင် အစိမ်း‌ရောင်စာအုပ်ဖိုး ထပ်ကုန်ရမှာ၊ အိမ်ကို အစိုးရဘဏ်သတ်မှတ်နှုန်းနဲ့ ငွေပြန်ပို့ရမှာကြောင့် အလုပ်သမားအများစုက မလုပ်ချင်ကြဘူးလို့ အလုပ်သမားအ‌ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

တချို့အလုပ်သမားကိုယ်စားလှယ်တွေကတော့  ထိုင်းလွှတ်တော်အမတ်ထံ ချည်းကပ်ပြီး CI စာအုပ် ထုတ်ပေးတဲ့ အစီအစဉ် ရုပ်သိမ်းပေးဖို့၊ ပန်း‌ရောင်ကတ်နဲ့သာ ထိုင်းမှာလုပ်ကိုင်နေထိုင်ခွင့်ပြုဖို့ လွှတ်တော်ကနေ တင်ပြပေးဖို့ တောင်းဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁ ရက်အထိ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားတဲ့ မြန်မာလုပ်သားဦး‌‌ရေ ၃,၅၀၀,၀၀၀ လောက်ရှိတယ်လို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013