
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဖြစ်ပေါ်နေကာ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာသလို ပျောက်ဆုံးသူ အယောက် ၃၀ ထက်မနည်းရှိနေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNC) က စက်တင်ဘာ ၂၈ မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ လောင်းလုံးမြို့နယ်အတွင်း ၁၀ ယောက်၊ ထားဝယ်မြို့နယ်က ၂ ယောက်နဲ့ သရက်ချောင်းမြို့နယ်က တယောက်၊ စုစုပေါင်း ၁၃ ယောက် ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လူနေ နေအိမ် ၅၀ ကျော်နဲ့ တံတား ၁၀ စီးဝန်းကျင် ပျက်စီးခဲ့ပြီး ထားဝယ်နဲ့ မြိတ်မြို့တို့ကို ဆက်သွယ်တဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်က ကညင်ချောင်းကျေးရွာတံတား ပျက်စီးသွားလို့ မြိတ်-ထားဝယ် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်သွားပါတယ်။
လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ လမ်းကြောင်းတွေ ရှင်းလင်းဖို့ ဘက်ဟိုး၊ ဘူဒိုဇာအပါအဝင် စက်ယန္တရားကြီးတွေနဲ့ ဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ်နေပါတယ်။










