
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့မှာ မိုးသည်းသည်းထန်ရွာပြီး ရုတ်တရက် ရေကြီးရေလျှံတဲ့အတွက် ရေဝင်နစ်မြုပ်နေအိမ်တွေက ဒေသခံတွေကို ရေဘေးလွတ်ရာကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရကာ စာသင်ကျောင်း ၂ ကျောင်းပါ ပိတ်ထားရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဆီက သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၆ ရက် ညနေပိုင်းကစတင်ပြီး ဒါးကမြစ်ရေ မြင့်တက်လာကာ ကျောင်းကုန်းမြို့နယ်ထဲက အမှတ် ၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ တလုပ်ကုန်းကျေးရွာ၊ သဲကုန်းကျေးရွာ စတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေထဲက နေအိမ်တွေထဲကို ရေဝင်နစ်မြုပ်လာလို့ ဒေသခံတွေဟာ အရေးပေါ် ပြောင်းရွှေ့ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူက “မိုးရက်ဆက်ရွာတာကြောင့် ဒါးကမြစ်ရေ မြင့်တက်လာတာနဲ့ လေးမျက်နှာဘက်က ရေတွေ ဝင်လာတာကြောင့် နေအိမ်တွေ ရေဝင်နစ်မြုပ်လာတာ။ အိမ်တွေထဲ ရေတွေဝင်လာပြီး ဆက်နေလို့မရတဲ့ အခြေအနေမို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာ” လို့ ပြောပါတယ်။
ကျောင်းကုန်းမြို့နယ်မှာ ဒါးကမြစ်ရေ မြင့်တက် ဝင်ရောက်လာလို့ ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့အပြင် သဲကုန်း အ.မ.က အခြေခံပညာကျောင်းနဲ့ တလုပ်ကုန်း အ.လ.ကခွဲ အခြေခံပညာကျောင်း ၂ ကျောင်းကိုလည်း သြဂုတ် ၁၆ ရက်က စတင်ပိတ်လိုက်ရပါတယ်။
ဒေသခံတယောက်က “ကြိုပြောင်းကြ ရွှေ့ကြတာ အိမ်တွေ မြုပ်လာလို့။ တချို့အိမ်တွေဆို အိမ်ကြမ်းခင်းတွေ မြုပ်ကုန်ပြီ။ လူတွေ ထိခိုက်တာမျိုးတော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ အဓိက ရေကြီးနစ်မြုပ်မှု ဖြစ်လာတဲ့ ဒေသတွေက ဒေသခံအိမ်ထောင်စု ၁၂၀ ကျော်က လူအယောက် ၅၀၀ ခန့်ကို ဥယျာဉ်ကြီးဘုန်းတော်ကြီးကျောင်း၊ ရတနာပုံရပ်သာကျောင်း၊ ဆုတောင်းပြည့်ကျောင်းနဲ့ လျှော်ဂိုဒေါင် စတဲ့နေရာတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဒေသခံတွေနဲ့အတူ ပြောင်းရွှေ့ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါးကမြစ်ရေ မြင့်တက် ဝင်ရောက်နစ်မြုပ် နေအိမ်တွေထဲက ဒေသခံတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ကြတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဇူလိုင် ၃၀ ရက်က လေးမျက်နှာမြို့နယ်က ငဝန်မြစ်ကို ကာထားတဲ့ ရေကာတာဘောင် ကျိုးပေါက်မှုကြောင့် သာမန်မဟုတ်တဲ့ ရေကြီးရေလျှံပြီး လတ်တလောအနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေတွေ မြင့်တက်ကာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo: Ko Myo











