
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက မီးပုံးပျံအတွက်ယမ်းစပ်ရင်း ပေါက်ကွဲမီးလောင်ခဲ့တာကြောင့် ၆ တန်း ကျောင်းသားတယောက် သေဆုံးပြီး အမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကံသာရပ်ကွက်မှာ မီးပုံးပျံယမ်းခွေအတွက် ယမ်းစပ်နေချိန် ည ၇ နာရီခွဲလောက်က ပေါက်ကွဲကာ မီးလောင်ခဲ့တာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေထဲက ၆ တန်းကျောင်းသားတယောက် သေဆုံးပြီး လူလတ်ပိုင်းအမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့တာလို့ ဒေသခံတယောက်က DVB ကိုပြောပါတယ်။
“အောင်မြေသာစည်ကျောင်း အနောက်ဘက်မှာ ဖြစ်တာ။ ပေါက်ကွဲမှုအား ပြင်းတယ်။ မီးကို နာရီဝက်လောက် ငြှိမ်းလိုက်ရတယ်။ လာကြည့်တဲ့ ၆ တန်းကလေး သေတယ်။ လူလတ်ပိုင်း ၃ ယောက် ဒဏ်ရာရတယ်။”
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက စဝ်စံထွန်းဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
မီးလောင်ရာကို တောင်ကြီးခရိုင်၊ မြို့နယ်နဲ့ ဒေသအရန်မီးသတ်အဖွဲ့က မီးသတ်ယာဥ်၊ ရေသယ်ယာဥ် ၆ စီးနဲ့ နာရီဝက်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ယမ်းအားက ပြင်းတော့ အဆောက်အအုံတခုလုံးနီးပါး လောင်သွားတယ်။ ကလေး ၁ ယောက် သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၃ ယောက်ထဲမှာ ၂ ယောက်က စိုးရိမ်ရတယ်။ မီးပုံးပျံအဖွဲ့က မီးဆရာကို ရဲစခန်းမှာ စစ်ဆေးနေတယ်။”
မီးလောင်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်ဝေယံမင်းထက် သေဆုံးခဲ့ပြီး ဦးရဲကျော်စွာ၊ ဦးသူရအောင်နဲ့ ဦးမျိုးမင်းဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ခဲ့တဲ့ ပုံရိပ်မီးပုံးပျံအဖွဲ့က မီးဆရာဖြစ်သူကို တောင်ကြီးမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မီးသတ်ဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။











