
ထိုင်းနိုင်ငံ၊ နွန်ထပူရီခရိုင်၊ ဘန်ကလွေးမြို့ ထိပ်ဆီရင်းစာသင်ကျောင်းမှာ လူသေဆုံးမှုရှိခဲ့တဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးဌာန ၅ ခု ပူးပေါင်းပြီး ရက်ပေါင်း ၉၀ အစိုးရကျောင်းများ လုံခြုံရေး စံချိန်စံညွှန်းတရပ်ကို စတင်ဖော်ဆောင်နေတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အစိုးရအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေကို ပိုမိုတင်းကျပ်ဖို့၊ ကျောင်းတွင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေအပေါ် လုံးဝသည်းခံခွင့်လွှတ်မှာမဟုတ်တဲ့ မူဝါဒကျင့်သုံးဖို့၊ သေနတ်နဲ့ တခြား တားမြစ်ပစ္စည်းတွေ သယ်ဆောင်တာ မရှိစေရေး ပိုမိုတင်းကျပ်စွာ စစ်ဆေးဖို့ စီစဉ်နေပါတယ်။
အဆိုပါ အစီအမံတွေကို ဩဂုတ် ၈ ရက်က ပညာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဝန်ကြီးဌာနတွေကြား ပူးပေါင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်နဲ့ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဝန်ကြီး ယော့ချနန် ဝေါင်းဆဝါတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို ပညာရေးဝန်ကြီး ပရာဆဲတ် ဂျန်တာရာရူအန်ထောင်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားလုံခြုံရေးဝန်ကြီး နိခွန် ဆုမ်ခလန့်၊ အလုပ်သမားဝန်ကြီး ဂျူလာဖွန် အမွန်ဝိဝတ်နဲ့ စိတ်ကျန်းမာရေးဦးစီးဌာန အပါအဝင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီး ယော့ချနန်က မိဘတွေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိစေဖို့အတွက် သက်ဆိုင်ရာဌာန အသီးသီးက အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျောင်းတိုင်းမှာ ကလေးတိုင်း လုံခြုံမှုရှိရမှာဖြစ်ပြီး အခုလို စိတ်ချောက်ချားဖွယ် ဖြစ်ရပ်ဆိုးမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်ပွားစေရကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေးအတွက် ချက်ချင်းဆောင်ရွက်မဲ့ အစီအမံတွေထဲမှာ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကျောင်းတွေကို စိတ်ကျန်းမာရေး စေတနာ့ဝန်ထမ်းအဖွဲ့တွေ စေလွှတ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရေးနဲ့ လုံခြုံရေး စောင့်ကြည့် စစ်ဆေးမှုတွေကို ဦးစားပေးထားပါတယ်။
အစိုးရအနေနဲ့ ကျောင်းတွင်း အနိုင်ကျင့်ဗိုလ်ကျမှုတွေကို လုံးဝ လက်မခံတဲ့ မူဝါဒကို ကျင့်သုံးမှာဖြစ်ပြီး ဆရာနဲ့ ကျောင်းသားကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးကာ လူနဲ့ တားမြစ်ပစ္စည်းတွေ၊ တရားမဝင်ပစ္စည်းတွေ ကျောင်းအတွင်း မဝင်ရောက်မီ ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ကွယ်လွန်သူ ဆရာမတွေရဲ့ မိသားစုအတွက် ဝန်ကြီးဌာန ရန်ပုံငွေတွေ၊ သက်သာချောင်ချိရေး အကျိုးခံစားခွင့်တွေ၊ အစိုးရရဲ့ နစ်နာကြေးတွေ အပါအဝင် အကူအညီတွေ ပေးအပ်ဖို့ ပြင်ဆင်နေပါတယ်။
ဩဂုတ် ၇ ရက်က ဖြစ်ခဲ့တဲ့ ထိပ်ဆီရင်း ကျောင်းပစ်ခတ်မှုအတွင်း သေဆုံးသူ ၉ ယောက်ရှိပြီး ၁၄ ယောက် ဆေးရုံတက်နေရဆဲ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။
Source: Khaosod










