
ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးမြို့အနီးက ဂျိုးဇက်ဖ် လာကာနယ် အလယ်တန်းကျောင်းမှာ အောက်တိုဘာ ၁၂ ရက်က ကျောင်းသားတယောက်က အမဲလိုက်သေနတ်နဲ့ ကျောင်းအုပ်ဆရာကြီးနဲ့ ဝန်ထမ်း အမျိုးသမီးတယောက်ကို ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသားတွေလည်း ကြောက်လန့်တကြားနဲ့ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသန္တရ မြို့တော်ဝန်နဲ့ ကျောင်းသားတယောက်က ပြောပါတယ်။
အော်ဘန်းမြို့တော်ဝန် ဇန်-ပီယာ စကွီလာရီရဲ့ သတင်းထောက်တွေကို ပြောပြချက်အရ ရဲတပ်ဖွဲ့ မရောက်လာခင်မှာ အဲဒီကျောင်းရဲ့ ကျောင်းစောင့်တယောက်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားကို သေနတ်သိမ်းဆည်းပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသွားသူ နှစ်ယောက်စလုံးကို ဆေးရုံတင်ထားရပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံတဝန်းက အထက်တန်းကျောင်းတွေမှာ အကြမ်းဖက်မှုတွေပါ ပါဝင်တဲ့ သီတင်း ၃ ပတ်ကြာ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ ဒီပစ်ခတ်မှုအကြား ဆက်စပ်မှုရှိတယ်ဆိုတဲ့ လက္ခဏာ တစုံတရာ ချက်ချင်း မတွေ့ရသေးပါဘူး။
သမ္မတ အီမန်နျူရယ် မက်ခွန်းက တနင်္လာနေ့မှာ အဲဒီအကြမ်းဖက်မှုတွေကို ရှုတ်ချသွားခဲ့ပါတယ်။
အသက် ၁၄ နှစ်အရွယ် ကျောင်းသားဟာ ဂီတာဘူးထဲမှာ သေနတ်ကို ဝှက်ပြီး ကျောင်းထဲကို ဝင်လာခဲ့တာလို့ BFM TV က ဆိုပါတယ်။
သူ့ကိုတော့ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ပထမဆုံး သေနတ်သံထွက်လာတုန်းက သင်္ချာဆရာက အနီးအနား ဆောက်လုပ်ရေး လုပ်ငန်းခွင်က အသံလို့ ထင်မှတ်ပြီး ပေါ့ပေါ့ပါးပါးပဲ သဘောထားခဲ့တယ်လို့ ကျောင်းသူတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီနောက်မှာ နောက်ထပ် သေနတ်သံတွေ ထပ်ထွက်လာပြီး အချက်ပေးအသံ မြည်လာတဲ့အခါမှာတော့ အတန်းတွေထဲက လူတွေ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လာမဲ့နွေဦးမှာ မက်ခွန်းရဲ့နေရာကို ဆက်ခံဖို့အတွက် အဓိကရေပန်းစားနေတဲ့ လက်ယာစွန်းခေါင်းဆောင် မာရင်း လေပန် ကတော့ အစိုးရအနေနဲ့ ကျောင်းတွေထဲက လုံခြုံရေးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
မက်ခွန်းရဲ့ ပညာရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေဟာ အဲဒီကောလိပ်ကျောင်းဆီကို သွားရောက်စစ်ဆေးဖို့ ရှိနေပါတယ်။
ကျောင်းတွေမှာ ဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ ရန်ပုံငွေ လုံလောက်မှု မရှိတာတွေကို ဆန့်ကျင်တဲ့ အထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေနဲ့ ဒီပစ်ခတ်မှုအကြား သိသာထင်ရှားတဲ့ ဆက်စပ်မှု မရှိဘူးလို့ SGP-FO ရဲတပ်ဖွဲ့သမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဒီ စစ်က BFM TV ကို ပြောပါတယ်။
ဂျိုးဇက် လာကာနယ် ကောလိပ်ကျောင်းမှာတော့ ကျောင်းပိတ်ဆို့ဆန္ဒပြမှုတွေ လုံးဝ မရှိခဲ့ဘူးလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source: Reuters











