
မကွေးတိုင်း မြိုင်မြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းကနေ ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်လို့ ပြည်သူ ၂ ယောက် သေဆုံး ပြီး ၄ ယောက် ဒဏ်ရာရခဲ့သလို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၂၁ ရက် ညနေပိုင်းက သင်းမရွာနဲ့ ရွာဝန်းကျင်မှာ တပ်ဖြန့်ထားတဲ့ စစ်တပ်စစ်ကြောင်းက ည ၁၀ နာရီလောက်မှာ ရွာထဲကအိမ်တွေကို မီးရှို့ခဲ့သလို ဇူလိုင် ၂၂ ရက် မနက် ၆ နာရီလောက်မှာ Y12 ထောက်ပို့ ဗုံးကြဲလေယာဉ်နဲ့ ၈ ကြိမ်လောက် ဗုံးကြဲသွားခဲ့ပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးဘူးလို့ မြိုင်မြို့နယ် စစ်ကြောင်းသတင်းထောက်လှမ်းရေး တာဝန်ရှိသူက ပြောပါတယ်။
“ဇူလိုင် ၂၂ ရက် မနက် ၁၀ နာရီခွဲလောက်မှာလည်း သင်းမရွာကို မီးထပ်ရှို့ပြန်တယ်။ နေ့လယ် ၁ နာရီ လောက်မှာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ကြီးတလုံးက သင်းမရွာနဲ့ ၄ မိုင် လောက်အကွာ ဝက်ဖိုးရွာထဲကိုကျပြီး တအိမ်တည်းက အသက် ၅၀ ဝန်းကျင် အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့ နေရာမှာတင် ရုပ်ပျက်ဆင်းပျက် ဆုံးသွားကြတယ်။ ဒဏ်ရာ ရတဲ့သူ ၄ ယောက်လို့တော့ သိရတယ်။ အဲဒီရွာက စစ်ရှောင်ထားတဲ့ရွာ မဟုတ်တော့ ဒဏ်ရာ ရတဲ့ သူက အခုထက်များနိုင်တယ်။”
ဇူလိုင် ၂၂ ရက် ညနေပိုင်းမှာတော့ အဆိုပါ သင်းမကျေးရွာအတွင်း တပ်စွဲနေတဲ့ စစ်တပ် လက်အောက်ခံ တချို့ဟာ ရှေ့ပြေးအဖြစ် မြောက်ဘက်ကို ဆက်လက်ထွက်ခွာသွားကြပြီး သင်းမ လမ်းခွဲနားကို ရောက်ရှိသွားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ သင်းမလမ်းခွဲ ကတ္တရာလမ်း အနီးတဝိုက်ကို ဇူလိုင် ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ၇ ကြိမ်နဲ့ ညနေ ၅ နာရီဝန်းကျင်မှာ ၈ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးက “အဲဒီစစ်ကြောင်း သင်းမရွာထဲ ရောက်ပြီးတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ လက်ရှိကတော့ စစ်ကြောင်း အခြေအနေကို စောင့်ကြည့်နေဆဲပဲ။ အဲဒီစစ်ကြောင်း ဆက်ထွက်နိုင်ဖို့ကို သူတို့ဘက်က အသည်းအသန် လေကြောင်းပစ်ကူတွေ ပေးနေရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲကစလို့ မြိုင်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် လက်အောက်ခံတွေဟာ အပြစ်မဲ့ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေက ပြည်သူပိုင် လူနေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့လည်း သူကဆက်ပြောပါတယ်။
မြိုင်မြို့နယ်အတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်စစ်ကြောင်းဟာ တလအတွင်း ဒေသခံပြည်သူ အနည်းဆုံး အယောက် ၂၀ ထိ သတ်ဖြတ်ထားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- မြိုင် ပကဖ က ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းဟာ ဇွန်လကတည်းက မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေတာဖြစ်ပြီး လမ်းမှာတွေ့ရှိတဲ့ ဒေသခံတွေကို ညှဉ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၂၂ ရက်ကလည်း မြိုင်မြို့နယ် သင်းမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဝက်ဖိုးကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
မြိုင်ဒေသခံတယောက်က “စစ်တပ်က သင်းမရွာမှာ အခြေစိုက်ပြီးတော့ မြိုင်မြို့နယ်ရဲ့ အနောက်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတာ။ စစ်ကြောင်းနဲ့တွေ့တဲ့ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့်လည်း မြိုင်ဒေသမှာ အရပ်သား ထိခိုက်သေဆုံးမှု တိုးလာသလို စစ်ကြောင်း မီးရှို့လို့လည်း ကျေးရွာတွေ၊ အိုးအိမ် ပျက်စီးမှုက နေ့တိုင်း တိုးလာနေတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၁၈ ရက်ကလည်း မြိုင်မြို့နယ် ကွန်လပ်ကျေးရွာ၊ ဘောတုံကျေးရွာ၊ သံချောင်းကျေးရွာတို့က ဒေသခံ ၈ ယောက်ကို စစ်အာဏာရှင်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန် ထားပါတယ်။
မြိုင်မြို့နယ်အတွင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေး အင်အားစုတပ်ဖွဲ့တွေနဲ့ နေ့တိုင်းနီပါး တိုက်ပွဲဖြစ်ပွားနေပြီး မြိုင် စက်မှု ၂ နဲ့ စက်မှု ၃ ကိုလည်း လက်နက်ခဲယမ်းတွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက်ကလည်း မြိုင်မြို့နယ် ကွန်လပ်ကျေးရွာအနီးမှာ အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကိုင်းရိုးကျေးရွာက အမျိုးသားတယောက်ကို လည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ရန်ကနေ လွတ်မြောက်စေဖို့ စစ်ရေးသတိ၊ စစ်ရေးအသိ အပြည့်နဲ့ ဘေးလွတ်ရာနေရာတွေကို မဖြစ်မနေ ရှောင်ရှားနေထိုင်ကြဖို့နဲ့ မပေါက်ကွဲသေးတဲ့ ကျည်ဆန်တွေ၊ မိုင်းတွေနဲ့ စစ်ကျန်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ရှုတာတွေ မပြုလုပ်ကြဘဲ နီးစပ် တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဆက်သွယ်သတင်းပေးပို့ကြဖို့လည်း မြိုင်ပကဖက တိုက်တွန်း ထားပါတယ်။











