
လွတ်လပ်ရေးကို ခက်ခက်ခဲခဲ ရယူခဲ့ရပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခိုင်အမာ ယုံကြည်တဲ့ တီမောလက်စ်တေနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ထဲကို ဝင်ရောက်လာခဲ့ပါတယ်။
တီမောရဲ့ တန်ဖိုးထားမှုတွေကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ သူတို့ရဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး မှတ်တမ်းကောင်းတွေက အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ တီမောကို သီးခြားထင်ပေါ်နေစေပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဆိုးရွားလာချိန်မှာ၊ တီမောကို အဖွဲ့ဝင်အသစ်အဖြစ် လက်ခံလိုက်တာဟာ အာဆီယံအတွက် အရင်က လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတခုကို ပြန်လည်ရရှိလိုက်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ တုံ့ပြန်မှုဟာ အားနည်းပြီး ထိရောက်မှု မရှိခဲ့ပါဘူး။ မြန်မာစစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေ ပိုဆိုးလာပေမဲ့လည်း၊ အာဆီယံ ခေါင်းဆောင်တွေကတော့ “ဝင်ရောက်မစွက်ဖက်ရေး” နဲ့ “ဘုံသဘောတူညီချက်” ဆိုတဲ့ စကားလုံးတွေနောက်မှာ ပုန်းကွယ်ပြီး တုံဏှိဘာဝေ နေခဲ့ကြပါတယ်။
ဒီပဋိပက္ခကြောင့် လူသန်းပေါင်းများစွာဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပါတယ်။ စစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပြန်လည်တည်ဆောက်နေတယ်လို့ လိမ်ညာပြောဆိုနေပါတယ်။ တဖက်မှာတော့ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား သောင်းနဲ့ချီကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။ မကြာသေးခင်က လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ ဆိုတာကလည်း စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ မဟုတ်ဘဲ၊ သူတို့အာဏာကို တရားဝင်အောင်လုပ်ဖို့နဲ့ သက်တမ်းဆွဲဆန့်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
အခုအခါမှာတော့ ၁၅ နှစ်တိုင်တိုင် ရက်စက်တဲ့ ပြစ်မှုတွေကို ကွပ်ကဲခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကို ချွတ်ပြီး၊ ဒီလုပ်ကြံဖန်တီးထားတဲ့ လုပ်ငန်းစဉ်ကနေတဆင့် သမ္မတရာထူးကို ရယူလိုက်ပါပြီ။ ၂၀၂၄ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အစိုးရရှေ့နေက ၂၀၁၇ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာလည်း အာဂျင်တီးနား တရားရုံးက ဂျီနိုဆိုက်နဲ့ တခြားပြင်းထန်တဲ့ ပြစ်မှုတွေအတွက် သူ့ကို ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ “ဘုံသဘောတူညီချက် ၅ ရပ်” ကို သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအဖြစ် မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်က ဒါတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာတောင် ထိရောက်တဲ့ အရေးယူမှု ဘာမှမရှိခဲ့ပါဘူး။ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို တက်ခွင့်မပေးဘဲ ချန်လှပ်ထားပေမဲ့၊ အောက်ခြေအဆင့် အစည်းအဝေးတွေမှာတော့ ဆက်လက်ပါဝင်ခွင့် ပေးထားတဲ့အတွက် ဒီပိတ်ပင်မှုက အရာမထင် ဖြစ်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ တီမောနိုင်ငံကတော့ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။ အာဆီယံထဲ မဝင်ခင်ကတည်းက သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာနဲ့ ဝန်ကြီးချုပ် ရှာနာနာဂတ်စ်မိုတို့ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း လူသိရှင်ကြား ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ တိုင်ကြားချက်အရ တီမောအစိုးရရှေ့နေတွေဟာ မြန်မာစစ်တပ် အရာရှိကြီးတွေကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တရားစွဲဆိုဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနည်းအားဖြင့် သူတို့ရဲ့ ထောက်ခံမှုက ပိုပြီး ပီပြင်လာခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ တုံ့ပြန်မှုကလည်း ပြင်းထန်ပါတယ်။ ဒီတရားစွဲဆိုမှုဟာ အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ချိုးဖောက်တာလို့ စွပ်စွဲပြီး၊ မြန်မာနိုင်ငံက တီမောသံတမန်ကို နှင်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ခိုင်မာတဲ့ ရပ်တည်ချက်ကို ဆက်လက်ပြသရမဲ့အစား ဝန်ကြီးချုပ် ဂတ်စ်မိုကတော့ “ဒီအမှုကို တရားရုံး ဒါမှမဟုတ် အစိုးရရှေ့နေရုံးက မော်ကွန်းတိုက်ထဲ ပို့လိုက်ဖို့ မျှော်လင့်တယ်” လို့ ပြောဆိုလာတဲ့အတွက် အမှုကို ပိတ်ပစ်လိုက်ဖို့ ဆန္ဒရှိနေပုံ ရပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေဟာ အမြဲတမ်း ခက်ခဲပြီး၊ အထူးကျွမ်းကျင်မှု၊ လုံလောက်တဲ့ အရင်းအမြစ်နဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ဒီအမှုမှာ ပါဝင်တဲ့ အစိုးရရှေ့နေတွေအနေနဲ့ နိုင်ငံရေးစွက်ဖက်မှု ကင်းကင်းနဲ့ လွတ်လပ်စွာ အကဲဖြတ် လုပ်ဆောင်ခွင့် ရှိသင့်ပါတယ်။
တချိန်တည်းမှာပဲ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အာဆီယံအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့က အလွန်အရေးကြီးနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ (EU)၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတို့ကလည်း မြန်မာ့အရေးမှာ အာဆီယံကပဲ ဦးဆောင်ဖြေရှင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းနေကြပါတယ်။
အာဆီယံရဲ့ စာချုပ်စာတမ်းတွေမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အတိအလင်း ပြဋ္ဌာန်းထားပေမဲ့ မလိုက်နာရင် အရေးယူမယ့် ခိုင်မာတဲ့ စည်းမျဉ်းတွေတော့ မပါရှိပါဘူး။
အာဆီယံနိုင်ငံတချို့ဟာ စစ်အာဏာရှင်ရဲ့ ခေါင်းမာမှုကို တဖြည်းဖြည်း စိတ်ပျက်လာကြပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ဟာ ပိုမိုပြတ်သားတဲ့ ရပ်တည်ချက်နဲ့ စကားလုံးတွေကို သုံးလာကြပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တရားရုံးတွေမှာလည်း မြန်မာစစ်တပ်ကို “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်” (Universal jurisdiction) အရ တရားစွဲဆိုမှုတွေကို လက်ခံစဉ်းစားနေပါပြီ (ဥပမာ - မတ်လ ၃၀ ရက်က ဂျာကာတာမှာ စွဲဆိုခဲ့တဲ့ အမှုမျိုးပါ)။ ဒီအစိုးရတွေအနေနဲ့ အာဆီယံရဲ့ ဗဟိုချက်ကို ပြောင်းလဲနိုင်ဖို့ တီမောနိုင်ငံနဲ့ ပူးပေါင်းသင့်ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတဲ့ အစိုးရတွေနဲ့ သံတမန်ရေးအရ ချိတ်ဆက်တာ၊ တရားစွဲဆိုမှုတွေကို ထောက်ခံတာ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အားပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲနဲ့ ရုပ်သေးလွှတ်တော်ကတဆင့် စစ်အာဏာရှင်ကို တရားဝင်အောင် လုပ်ပေးမဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆန့်ကျင်ရပါမယ်။
အခုအချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ မကြာသေးခင်ကမှ ၂၀၂၁ အာဏာသိမ်းတုန်းက ဖမ်းဆီးခဲ့တဲ့ ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား တချို့ကို လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဒီလုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ ဒီသီတင်းပတ်ထဲမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ မြန်မာနဲ့ အာဆီယံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ဆိုပြီး နေပြည်တော်ကို သွားရောက်နေပါတယ်။ ဒါဟာ မင်းအောင်လှိုင် လိုချင်နေတဲ့ တရားဝင်မှုကို ပေးအပ်လိုက်တာပါပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားနိုင်ငံရေးအကျဉ်းသား အများအပြားဟာ သံတိုင်နောက်မှာ ကျန်နေဆဲဖြစ်ပြီး၊ ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မှုတွေအတွက် ဘာတာဝန်ယူမှုမှ မရှိသေးပါဘူး။
တီမောအဖွဲ့ဝင် ဖြစ်လာခြင်းက အာဆီယံအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို စောင့်ထိန်းတာထက် ပိုပြီးရပ်တည်နိုင်စွမ်းရှိသလား ဆိုတာကို ရှင်းလင်းပြတ်သားစေဖို့ ရှားပါးတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ပြတ်သားတဲ့ စည်းမျဉ်းတွေ ချမှတ်သင့်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ခွင့်ဆက်လက်ပိတ်ပင်ရပါမယ်။ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ပေးခွင့်ရဖို့ တောင်းဆိုရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဖိအားပေးရပါမယ်။ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဟာ တရားမျှတမှု ရှာဖွေတာကို သံတမန်ရေးရဲ့ အတားအဆီးတခုလို သဘောမထားဘဲ၊ တာဝန်ခံမှုရှိလာစေဖို့ ကြိုးပမ်းမှုတွေကိုပါ ထောက်ခံအားပေးသင့်ပါတယ်။
အာဆီယံအဖွဲ့ဝင် ဖြစ်လာတိုင်း ကိုယ်ကျင့်တရားအရ နှုတ်ဆိတ်နေစရာ မလိုဘူးဆိုတာကို တီမောနိုင်ငံက ပြသခဲ့ပါတယ်။ ခိုင်ခိုင်မာမာ ရပ်တည်ခြင်းအားဖြင့် အာဆီယံကို ပိုမိုယုံကြည်ရပြီး မူဝါဒခိုင်မာတဲ့ အဖွဲ့အစည်းတခု ဖြစ်လာအောင် သူတို့ ကူညီပေးနိုင်ပါတယ်။ ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ စိတ်ကူးယဉ်စကားလုံးတွေထက်၊ လူ့အခွင့်အရေး၊ တာဝန်ခံမှုနဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ လက်တွေ့ကျတဲ့ ကတိကဝတ်တွေအပေါ် အခြေခံတဲ့ အဖွဲ့အစည်းမျိုး ဖြစ်လာဖို့လိုအပ်ပါတယ်။ ဒီလိုမှ မလုပ်ရင်တော့ “သတိထားဆက်ဆံဆောင်ရွက်ခြင်း” လို့ အမည်တပ်ထားတဲ့ အာဆီယံရဲ့ သွက်ချာပါဒဟာ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေက ပိုဆိုးလာပါလိမ့်မယ်။ ဒါဟာ တီမောနိုင်ငံရော၊ အာဆီယံပါ လုံးဝ လက်မခံသင့်တဲ့ လမ်းကြောင်းတခုပဲ ဖြစ်ပါတယ်။
အီလိန် ပီယာဆင်
Ref: The Diplomat










