
အရှေ့အလယ်ပိုင်းစံတော်ချိန် မေ ၄ ရက် မနက်ပိုင်းကစပြီး ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘော တွေကို အမေရိကန်စစ်တပ်က စတင်လမ်းပြပေးမယ်လို့ ထရမ့်ပ်က ပြောထားပေမဲ့ အီရန်မှာ တော့ မွန်းတည့် ၁၂ နာရီထိုးခါနီးအထိ ထူးခြားမှု မတွေ့ရသေးပါဘူး။
အမေရိကန်-အီရန် စစ်ပွဲစကတည်းက သင်္ဘောသား ၂၀,၀၀၀ နဲ့ သင်္ဘော အစီး ၂,၀၀၀ လောက် ရေလက်ကြားမှာ ပိတ်မိနေတယ်လို့ အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းအဖွဲ့ချုပ် (IMO) က ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆင်ရေးမှာ ပဲ့ထိန်းဒုံးကျည်တပ် သင်္ဘောတွေ၊ လေယာဉ် ၁၀၀ ကျော်နဲ့ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော်ပါဝင်မယ်လို့ အမေရိကန်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (CENTCOM) က ဆိုပါတယ်။
အီရန်ကတော့ ဟော်မုဇ်ကို ဆက်လက်ထိန်းချုပ်ထားပြီး ဘယ်နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့မဆို အထူးသဖြင့် ရန်စကျူးကျော်တဲ့ အမေရိကန်စစ်တပ် ဝင်လာရင် တိုက်ခိုက်မယ်လို့ ထုတ်ပြန် ထားပါတယ်။
ထရမ့်ပ်ရဲ့ ပြောဆိုချက်ထွက်ပေါ်ပြီး မကြာခင်မှာပဲ ရေလက်ကြားထဲက ရေနံသင်္ဘောတစင်း အမည်မသိ လက်နက်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
တဖက်မှာလည်း အီရန်ရဲ့ အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်အတွက် အမေရိကန်ဘက် က ပါကစ္စတန်ကတဆင့် အကြောင်းပြန်ထားတာကို စိစစ်နေတယ်လို့ အီရန်က ဆိုပါတယ်။
စစ်ပွဲမပြီးမချင်း နျူကလီးယားအရေး ဆွေးနွေးမှုတွေ ရှိဦးမှာမဟုတ်ဘူးလို့လည်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Source: Reuters











