DVB Logo
Home
နိုင်ငံတကာ
အစိုးရကိုဆန့်ကျင်သည့် Halk TV ရုပ်သံလိုင်းအား တူရကီရဲတပ်ဖွဲ့ စီးနင်း
DVB
·
October 14, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တူရကီရဲတပ်ဖွဲ့ဟာ အစိုးရကိုဆန့်ကျင်တဲ့ Halk TV ရုပ်သံလိုင်းရဲ့ အစ္စတန်ဘူလ်ရုံးချုပ်ကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ကာ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ရပ်တန့်လိုက်ပြီး ရုပ်သံလိုင်းကို ဦးဆောင်ဖို့ မန်နေဂျာအသစ်တယောက်ကိုလည်း ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် နိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အသစ်တဖန် ပြန်ဖြစ်စေခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့ အစိုးရရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ ဘဏ္ဍာရေးရာ ပြစ်မှုနှိမ်နင်းရေးဌာနဟာ Halk TV ဥက္ကဋ္ဌ ကာဖာ မာဟီရိုဂလူကို “လာဘ်ပေးလာဘ်ယူလုပ်မှု၊ တင်ဒါလိမ်လည်မှုနဲ့ ငွေကြေးခဝါချမှု” တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီးနောက် အထောက်အထား၊ သက်သေထွက်ဆိုချက်နဲ့ ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းတွေအရ ရာဇဝတ်မှုကျူးလွန်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မာဟီရိုဂလူ အပါအဝင် လူ ၁၇ ယောက်အတွက် ဖမ်းဝရမ်းထုတ်ထားပြီး ၁၁ ယောက်ကို ထိန်းသိမ်းထားကြောင်း၊ မာဟီရိုဂလူ ပူးတွဲပါဝင်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို သိမ်းဆည်းကာ ငွေစုအပ်ငွေ အာမခံရန်ပုံငွေအဖွဲ့ (TMSF) ကို အုပ်ထိန်းသူ/မန်နေဂျာအဖြစ် ခန့်အပ်လိုက်ကြောင်း အစိုးရရှေ့နေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ တူရကီနိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ မာဟီရိုဂလူကို အာဏာပိုင်တွေက ရှာဖွေနေပါတယ်။

ရုပ်သံလိုင်းရဲ့ ဝက်ဘ်ဆိုက်မှာ “ရဲအရာရှိ ရာပေါင်းများစွာ အဆောက်အအုံထဲကို ဝင်လာကြတယ်။ အထဲမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတုန်း Halk TV အဆောက်အအုံထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး” လို့ ဖော်ပြထားပါတယ်။

ရဲအရာရှိ ရာပေါင်းများစွာ ဝင်ရောက်ရှာဖွေနေတဲ့အတွက် အဆောက်အအုံထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးထားဘဲ ရုပ်သံလိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မနက် ၆ နာရီခွဲမှာ ဖြတ်တောက်ကာ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်တွေကိုသာ ပြောင်းလဲထုတ်လွှင့်ခဲ့ပါတယ်။

ထုတ်လွှင့်မှုတွေ ဆက်လုပ်ခွင့်ပေးဖို့ အယ်ဒီတာချုပ် စူအတ် တိုက်တက်ရှ်က အုပ်ထိန်းသူ အဖွဲ့ခေါင်းဆောင်နဲ့ ငြင်းခုံဖို့ ကြိုးစားခဲ့ပေမဲ့ ခွင့်မပြုခဲ့ဘူးလို့ အစီအစဉ်တင်ဆက်သူ ဒန်းဇ် ဘေရာမိုဂလူက X မှာ ရေးသားခဲ့ပါတယ်။

Halk TV ကို အတိုက်အခံ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP) နဲ့ နီးစပ်ပြီး သမ္မတ ရီဆက်ပ် ထေယစ် အာဒိုဂန်ရဲ့ အာဏာရ AK ပါတီကို မကြာခဏ ဝေဖန်လေ့ရှိတဲ့ ရုပ်သံလိုင်းတခုအဖြစ် လူအများက မြင်ကြပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း တူရကီတရားရုံးတခုက CHP ပါတီရဲ့ ဦးဆောင်မှုကို ဖယ်ရှားခဲ့တာကြောင့် အာဒိုဂန်ရဲ့ အာဏာချုပ်ကိုင်မှုကို ပိုခိုင်မာစေတယ်လို့ အတိုက်အခံတွေက ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဒိုဂန်ရဲ့ အကြီးဆုံး နိုင်ငံရေးပြိုင်ဘက်လို့ လူသိများတဲ့ အစ္စတန်ဘူလ် မြို့တော်ဝန် အက်ခရမ် အီမာမိုဂလူ ဟာလည်း အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ထောင်ကျနေတာ တနှစ်ကျော်သွားပြီဖြစ်ပြီး အဲဒီစွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013