အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဇူလိုင် ၁၆ ရက် ညပိုင်းက သူပြောခဲ့တဲ့ မိန့်ခွန်းကို မထုတ်လွှင့်ပေးခဲ့တဲ့ အမေရိကန် ရုပ်သံလိုင်းတွေကို လိုင်စင်ပြန်သိမ်းပစ်သင့်တယ်လို့ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲလုံခြုံရေးကို အဓိကထား ပြောကြားခဲ့တဲ့ သူ့ရဲ့ ညပိုင်း အထူးမိန့်ခွန်းထဲမှာ ထရမ့်ပ်က “NBC နဲ့ ABC တို့လို သတင်းတု သတင်းမှားတွေ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေဟာ အခုလို မိန့်ခွန်းမျိုးကို မထုတ်လွှင့်တာဟာ ကြုံခဲတဲ့ကိစ္စဖြစ်သလို စနစ်ကြီး ဘယ်လောက်အထိ ယိုယွင်းပျက်စီးနေလဲ ဆိုတာကို လူတွေမသိစေချင်လို့ တမင်သက်သက် ဖုံးကွယ်ထားတာ” လို့ ထည့်သွင်း စွပ်စွဲ ပြောကြားခဲ့တာပါ။
ဒါ့အပြင် သူ့မိန့်ခွန်းကို မလွှင့်တဲ့ ရုပ်သံလိုင်းတွေဟာ လက်ဝဲစွန်းရောက်တွေကို ကာကွယ်ပေးဖို့နဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို ဆက်လုပ်နိုင်ဖို့အတွက် “ပူးပေါင်းကြံစည်မှု” တခုမှာ ပါဝင်နေကြတာလို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ အဆိုအရ ဒီရုပ်သံလိုင်းတွေဟာ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ပြည်သူပိုင် လေလှိုင်းလိုင်းတွေကို တပြားတချပ်မှ မပေးဘဲ အလကား သုံးစွဲနေကြတာဖြစ်ပြီး အခုလို မသမာမှုတွေ လုပ်နေတဲ့အတွက် သူတို့ရဲ့ လိုင်စင်တွေကို ပြန်ရုပ်သိမ်းသင့်တယ်လို့ ဆိုပါတယ်။
တကယ်လည်း အမေရိကန်ရဲ့ အဓိက ရုပ်သံလိုင်းကြီး ၃ ခုထဲက NBC နဲ့ ABC အပါအဝင် ၂ ခုနဲ့ CNN ရုပ်သံလိုင်းတို့ဟာ ထရမ့်ပ်ရဲ့ အဲဒီညပိုင်း အထူးမိန့်ခွန်းကို သူတို့ရဲ့ ပင်မချန်နယ်တွေကနေ ထုတ်လွှင့်မပြခဲ့ပါဘူး။
ဒါဟာ အမေရိကန် မီဒီယာတွေအပေါ် အရင်ကနဲ့မတူဘဲ မကြုံစဘူး ဖိအားပေးလေ့ရှိတဲ့ ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ အမျက်ဒေါသကို ရန်စလိုက်သလို ဖြစ်သွားပါတယ်။
ကျွမ်းကျင်သူတွေကတော့ ရုပ်သံလိုင်းတွေအနေနဲ့ သူတို့ ဘာကို ထုတ်လွှင့်ပြသမလဲ ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပထမ ပြင်ဆင်ချက် (First Amendment)” ဆိုင်ရာ အခွင့်အရေးကို အပြည့်အဝ ရရှိထားကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ သမိုင်းတလျှောက်မှာတော့ ရုပ်သံလွှင့်ဌာနတွေဟာ အများပြည်သူ သိသင့်သိထိုက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ပံ့ပိုးပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုမိန့်ခွန်းအများစုကို ထုတ်လွှင့်ခဲ့ကြလေ့ ရှိပါတယ်။
Source: Reuters










