
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေအတွက် ဥရောပသမဂ္ဂ (EU) က အာဟာရနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို ၁၀ ဒသမ ၅ သန်း ထပ်မံပံ့ပိုးပေးအပ်လိုက်တဲ့အကြောင်း EU Reporter သတင်းမှာ ဩဂုတ် ၁၇ ရက်က ဖော်ပြပါတယ်။
ဒါကြောင့်မို့ အခု ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် EU ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပေးမှု စုစုပေါင်းဟာ ယူရို ၄၉ ဒသမ ၁ သန်းအထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
ညီမျှရေး၊ ပြင်ဆင်ရေးနှင့် အကျပ်အတည်းစီမံခန့်ခွဲရေးဆိုင်ရာ ဥရောပကော်မရှင်နာ ဟာက်ဒ်ဂျာ လာဘစ်က "လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ပမာဏဟာ အတိုင်းအတာတခုအထိ မမှတ်မိနိုင်အောင် ပြောင်းလဲသွားခဲ့ပါတယ်။ အရင်က လူပေါင်း ၁ သန်းလောက်ကိုပဲ ထိခိုက်ခဲ့တဲ့ အကျပ်အတည်းဟာ အခုဆိုရင် ကူညီထောက်ပံ့မှု လိုအပ်နေသူ ၁၆ ဒသမ ၂ သန်းအထိ ရှိလာခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံး အရေးပေါ် လူသားချင်းစာနာမှု အကျပ်အတည်းတွေထဲက တခု ဖြစ်လာခဲ့ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် စီးပွားရေး ကျဆင်းမှု၊ ကျန်းမာရေးစနစ် ပြိုလဲမှုနဲ့ ကမ္ဘာ့အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းတွေကြားမှာ အသက်အန္တရာယ်အတွက် နေ့စဉ် စိုးရိမ်နေရတဲ့ အရပ်သားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဟာ အဆုံးစွန်အထိ ရောက်ရှိနေတဲ့အကြောင်းလည်း သူက ဖြည့်စွက်ပြောပါတယ်။
"သန်းပေါင်းများစွာသော ပြည်သူတွေဟာ ဒီဒဏ်ကို ဆက်လက်ခံစားနေရချိန်မှာ ဒီ အကျပ်အတည်းကို နိုင်ငံတကာရဲ့ အာရုံစိုက်မှုကနေ ပျောက်ကွယ်သွားတာမျိုး အဖြစ်မခံနိုင်ပါဘူး။"
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
အခု ထောက်ပံ့ကြေးအသစ်ကြောင့် EU ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ပဋိပက္ခတွေ၊ စစ်ဘေးရှောင်ရမှုတွေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေ အပါအဝင် သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေကို ပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ အကူအညီတွေထဲမှာတော့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အကာအကွယ်ပေးရေး၊ ယာယီခိုလှုံရာ အမိုးအကာတွေအပြင် သောက်သုံးရေနဲ့ သန့်ရှင်းရေးဆိုင်ရာ ကိရိယာတွေ စတဲ့ အကူအညီတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူတယောက်က "တခြားအလှူရှင်တွေ နောက်ဆုတ်သွားပြီး လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေ မကြုံစဘူး ဖိအားပေးခံနေရချိန်မှာ EU ကတော့ သူ့ရဲ့ ကတိကဝတ်အတိုင်း ဆက်လက် ရပ်တည်နေပါတယ်။ ဒါကတော့ ဘယ်နေရာမှာပဲရှိရှိ လိုအပ်နေတဲ့ ပြည်သူတွေဆီ မူဝါဒဆိုင်ရာ အကူအညီတွေ ရောက်ရှိစေဖို့ဖြစ်ပါတယ်" လို့ ပြောပါတယ်။
မြတ်နိုးအောင်
Source: EU Reporter











