
ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲကို ဒီကနေ့ မတ် ၁၉ ရက် ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ ကျင်းပခဲ့တာမှာ လက်ရှိယာယီဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက မဲအများဆုံးနဲ့ အနိုင်ရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီနေ့မနက် ၁၀ နာရီက လွှတ်တော်အစည်းအဝေးစတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ နိုင်းဆိုဖုန်း ဆားလမ်းက ကြေညာခဲ့တယ်။
အဲဒီနောက် ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ နဲ့အညီ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ဖို့ ဖုမ်ကျိုင်းထိုင်းပါတီမှ လွှတ်တော်အမတ် နိုင်းချိုင်း ချနုတ်ချစ်ချွပ်က သူတို့ပါတီခေါင်းဆောင် နိုင်းအနုထင်းချန်းဝီရကွန်း (အသက် ၆၀ နှစ်) နဲ့ ပြည်သူ့ပါတီအမတ် နိုင်းရန်းဆီမန်းရုန်းက သူတို့ပါတီခေါင်းဆောင် နိုင်းနာ့ဿ်ဖုန်း ရိန်းပန်းယားဝုဒ် (အသက် ၃၈) တို့ကို ဝန်ကြီးချုပ်လောင်း အရွေးခံဖို့ အသီးသီးတင်သွင်းခဲ့ပါတယ်။
ဆန္ဒမဲမပေးခင်မှာ နှစ်ဖက် ဝန်ကြီးချုပ်လောင်းတွေက သူတို့ရပ်တည်ချက်၊ ခံယူချက် သဘောထားတွေကို တင်ပြကြတယ်၊ အဲဒီနောက် ဝန်ကြီးချုပ်လောင်းတွေရဲ့ အရည်အချင်းပြည့်မီမှု ရှိ၊ မရှိကို ကိုယ်စားလှယ်တွေက အပြန်အလှန် ထောက်ပြခဲ့ကြပါတယ်။
ကိုယ်စားလှယ် တဦးချင်းစီရဲ့ ဆန္ဒမဲကို မွန်းတည့် ၁၂ နာရီမှ စတင်ကောက်ခံတာမှာ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်မှာ ပြီးဆုံးသွားပြီး ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် နိုင်းအနုထင်း ချန်းဝီရကွန်းက ၂၉၃ မဲ ရရှိကာ ပြည်သူ့ပါတီမှ နိုင်းနာ့သ်ဖုန်း ပန်းယားဝုဒ်က ၁၁၉ မဲရခဲ့တယ်။ ဘယ်ဘက်ကိုမှ မဲမပေးတဲ့ ကိုယ်စားလှယ် ၈၆ ယောက် ရှိပါတယ်။
ဒါကြောင့် သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်ပေါင်း ၅၀၀ ရဲ့ ဆန္ဒမဲတဝက်ကျော် ရရှိခဲ့တဲ့ နိုင်းအနုထင်း ချန်းဝီရကွန်းဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် အနိုင်ရကြောင်း လွှတ်တော်ဥက္ကဋ္ဌ နိုင်းဆိုဖုန်း ဆားလမ်းက ကြေညာပါတယ်။
နိုင်းအနုထင်းကလည်း သူ့အား ဆန္ဒမဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း၊ သူ့ကို မဲပေးခဲ့တဲ့ အမတ်ဖြစ်စေ၊ မဲမပေးခဲ့တဲ့ အမတ်ဖြစ်စေ သူ့ရဲ့နှလုံးသားထဲမှာ အားလုံးဟာ ပြည်သူ့ကိုယ်စားလှယ်တွေပဲ ဖြစ်တယ်လို့ ခံယူတယ်၊ ကိုယ်စားလှယ်ရဲ့ အသံတိုင်း ကျယ်လောင်မှု ရှိတယ်၊ နိုင်ငံတော်ဝန်ကြီးချုပ် တဦးအနေနဲ့ ကိုယ်စားလှယ်တိုင်းရဲ့ ဝေဖန်ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်တွေကို လက်ခံပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်သွားမယ်လို့ ကတိပြုပါတယ်။
ဒါ့အပြင် နိုင်ငံတော်အကျိုး တိုင်းသူပြည်သားများရဲ့ အကျိုးအတွက် လွှတ်တော်ထဲရှိ ပါတီတိုင်းနဲ့ ပူးပေါင်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမယ်၊ လွှတ်တော်အမတ်တွေကို တရားဝင်ခန့်အပ်တဲ့နေ့မှာ မိန့်ကြားခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ်ရဲ့ အမှာစကားတွေအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်း လွှတ်တော်ထဲမှာ ပြောသွားပါတယ်။
နိုင်းအနုထင်းချန်းဝီရကွန်းဟာ စီနိုထိုင်းဆောက်လုပ်ရေးကုမ္ပဏီ (STECON) ထူထောင်သူ နိုင်းချာဝရတ်နဲ့ သားကြီးဖြစ်ပြီး သူကိုယ်တိုင်မှာလည်း အမေရိကန်နိုင်ငံ Hofstra တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့၊ ဘန်ကောင်ထမဆတ်တက္ကသိုလ်မှ Mini MBA ဘွဲ့၊ ရမ်ခမ်းဟိုင်တက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရခဲ့ပြီး ဖခင်ထူထောင်ခဲ့တဲ့ STECON ကုမ္ပဏီမှာလည်း မန်နေဂျင်းဒါရိုက်တာ ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးလောကထဲ ဝင်ရောက်ပြီးတဲ့နောက် ၂၀၀၄ ခုနှစ်မှာ ဒုကျန်းမာရေးဝန်ကြီး၊ ၂၀၀၅ မှာ စီးပွားကုန်သွယ် ဒုဝန်ကြီး၊ ၂၀၀၆ မှာ ကျန်းမာရေးဒုဝန်ကြီး ဖြစ်ခဲ့ပါတယ်။
၂၀၁၉ မှာ ဖုမ်ကျိုင်းထိုင်းပါတီခေါင်းဆောင် ဖြစ်လာပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံဖို့ အမည်တင်သွင်းခဲ့တယ်၊ ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားလက်ထက်မှာ ကျန်းမာရေးဝန်ကြီး ထပ်မံဖြစ်ခဲ့တယ်၊ ၂၀၂၄ ဖွေ့ထိုင်းပါတီအစိုးရလက်ထက်မှာ ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့တယ်၊ ၂၀၂၅ မှာ ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ကမ္ဘောဒီးယားနယ်စပ် ပြဿနာကြောင့် ရာထူးပြုတ်ပြီး အနုထင်း ချန်းဝီရကွန်းဟာ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူ့ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမတ်ဦးရေအများဆုံးရှိတဲ့ နိုင်းနာ့ဿ်ဖုန်း ဦးဆောင်တဲ့ ပြည်သူ့ပါတီ (အတိုက်အခံပါတီ) က ထောက်ခံမဲပေးခဲ့ပါတယ်။
Source: ထိုင်းလွှတ်တော်အစည်းအဝေး တိုက်ရိုက်ထုတ်လွှင့်ချက် / Thairath / ThaiPBS / The Reporter











