
မြန်မာနိုင်ငံကို ပြန်လာတဲ့ ခွင့်ပြန် အလုပ်သမားတွေထဲက အယောက် ၁,၀၀၀ ကျော်ဟာ ပြည်ပကို ပြန်ထွက်ခွာတဲ့အခါ OWIC ကတ်နဲ့ အချက်အလက် မတူတာ၊ ခွင့်စာ မပါတာ၊ အခွန်ပေးဆောင်ထားတဲ့ အထောက်အထားမရှိတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပပြန်ထွက်ခွင့်မရဘဲ အခက်အခဲ ကြုံနေရပါတယ်။
ဧပြီလကနေ ဇွန်လအထိ ၃ လတာကာလအတွင်း ပြည်ပကနေ ခွင့်ယူပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၁,၀၀၀ ကျော်ဟာ ပြည်ပကို ပြန်လည်ထွက်ခွာဖို့ လျှောက်ထားရာမှာ အကြောင်းအမျိုးမျိုးနဲ့ အချက်အလက် မပြည့်စုံတာတွေကြောင့် ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
အလုပ်သမားတွေဟာ OWIC ကတ် ကိုင်ဆောင်ထားပေမဲ့ အချက်အလက် မပြည့်စုံဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြန်လည်ထွက်ခွာခွင့် မရတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက လွှဲပို့တဲ့ အထောက်အထား၊ အလုပ်ရှင်ရဲ့ ခွင့်စာ၊ အခွန် ရှင်းတမ်း၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ၊ မြန်မာသံရုံးထောက်ခံစာ စတဲ့ အထောက်အထားတွေ မပြည့်စုံတာကြောင့် ပယ်ချခံနေရတယ်လို့ ဆိုပါတယ်။
OWIC ကတ် အကျိုးဆောင်တယောက်က “၄ လပိုင်းထဲမှာ ခွင့် ၃ လကျော်သမားတွေ ပေးမထွက်တာမျိုး ရှိတာပါ။ ခုလက်ရှိ ပြန်လာသူတွေ သံရုံးထောက်ခံစာ ပါလာကြတာမို့ ဘယ်သူမဆို ပြန်ပေးထွက်ပါတယ်။ OWIC ပါကုမ္ပဏီ၊ လက်ရှိလုပ်နေတဲ့ကုမ္ပဏီ မတူညီသူတွေ၊ OWIC ပါနိုင်ငံနဲ့ လက်ရှိလုပ်နေတဲ့နိုင်ငံ မတူညီသူတွေ ထွက်ခွင့် မချပေးပါဘူး။ လိုအပ်တဲ့ အချက်လက်တွေဖြစ်တဲ့ Passport၊ ပါမစ်၊ ခွင့်စာ၊ သံရုံးထောက်ခံစာ၊ အခွန်ငွေလွှဲတွေ ယူလာပြီး ကတ် လဲလှယ်ပြီး ပြန်ထွက်ကြရမှာပါ။ အဲဒါ ၄ လပိုင်းတုန်းကပါ။ ခွင့်တလကျော် ယူလာသူတွေ ပေးမထွက်ကြလို့ ပိတ်မိကြတာ။ အခုလက်ရှိအခြေနေက PJ နဲ့ OWIC ရှိ အချက်လက်တူရင် ထွက်ခွင့် တင်ပေးထွက်တယ်။ OWIC မရှိ PJ ခွင့်ပြန်ဆိုရင် OWIC လုပ်ပြီးမှ ပြန်ထွက်လို့ ရတယ်။ PV နဲ့ အလုပ်လုပ်နေတဲ့သူ ခွင့်ပြန်ဆိုရင် PV နဲ့ပြန်တက်မရ လေဆိပ်မှာ VIP pass ယူ ထွက်ကြရတာ”လို့ ပြောပါတယ်။
ဒါကြောင့် ပြည်ပမှာ အလုပ်လုပ်နေသူတွေအနေနဲ့ မြန်မာနိုင်ငံကို ခွင့်ယူပြီး ပြန်လာမယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံက မြန်မာသံရုံးထောက်ခံစာ အပါအဝင် လိုအပ်တဲ့ အထောက်အထားတွေကို ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း အကြံပြုထားပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ အထောက်အထား ပြည့်စုံသူတချို့ပါ ပြည်ပပြန်ထွက်ခွင့် ရဖို့ ကြန့်ကြာနေတာကြောင့် အလုပ်ရှင်ဘက်က စာချုပ်ဖျက်သိမ်းတာ၊ အလုပ်အကိုင် ဆုံးရှုံးတာမျိုးတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတယောက်က “ဒါကတော့ စစ်အုပ်စုရဲ့ သဘော သဘာဝအတိုင်းပဲ အထက်ကလည်း သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း သူတို့ လုပ်တယ်။ လေဆိပ်တို့၊ သက်ဆိုင်ရာ ဌာနတွေဆိုရင်လည်း ပိုက်ဆံပေးရင် ရတဲ့ ပုံစံမျိုးပေါ့။ လေဆိပ်ဆိုရင်လည်း လုံးဝ ထွက်မရရင် လမ်းကြောင်းတွေ ရှိတယ်။ အဲ့လမ်းကြောင်းတွေဆိုရင် သူတို့ရဲ့ ပိုက်ဆံ အခေါ်ဈေးပဲ။ တချို့က သိန်း ၃၀၊ ၄၀၊ အများဆုံး ၁၀၀ ဝန်းကျင် အထိတောင် ခေါ်တာ ရှိတယ်။ ဒီလိုမျိုး ပြည်ပထွက်ခွာခွင့် အချက်အလက် မပြည့်စုံလို့ အပိတ်ခံထားရတဲ့သူတွေ ပြည်ပကို ပြန်ထွက်မယ်ဆိုရင် ပြန်ထွက်ချင်တယ်ဆိုရင် သူတို့ ပါးစပ်ထဲပဲ ရှိတယ် ခေါ်ဈေးတွေက လေဆိပ်မှာကအစ။ ဒီဘက်မှာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးတာတွေ၊ ဟိုဘက်ကနေ အလုပ်ထုတ်လိုက်တာမျိုးတွေ အဲ့လိုမျိုးတွေ ကြုံရတာပေါ့”လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ ခွင့်ပြန်အလုပ်သမားတွေအတွက် ပြည်ပပြန်ထွက်ခွင့် ကန့်သတ်ချက်တွေကို တရားဝင် ထုတ်ပြန်ထားတာ မရှိပေမဲ့ လက်တွေ့မှာတော့ အကြောင်းအမျိုးမျိုးနဲ့ စိစစ်တင်းကျပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို ပိုမိုစိစစ်တာ၊ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးအ ခြေအနေတွေ ကြောင့် နိုင်ငံတချို့ကို အလုပ်သမားအသစ် ထွက်ခွာခွင့် ကန့်သတ်တာတွေ ကြောင့်လည်း ခွင့်ပြန်အလုပ်သမားတချို့ဟာ ပြည်တွင်းမှာ ကြာရှည်ပိတ်မိနေကြရပါတယ်။










