DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေဟု  ILO ပြော
DVB
·
April 2, 2026
Photo: ILO
Photo: ILO
Donate to DVB

စစ်အာဏာသိမ်းထားတာ ၅ နှစ်ကျော် ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ကန့်သတ်တာ၊ အလုပ်သမားရေးရာ လှုပ်ရှားသူတွေအပေါ် လက်တုံ့ပြန်မှုတွေ အပါအဝင် အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ဆက်ရှိနေပြီး အလွန်အမင်း စိုးရိမ်မိတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) က မတ် ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဂျီနီဗာမှာ ကျင်းပတဲ့ ILO ရဲ့ ၃၅၆ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃ အရ အုပ်ချုပ်ရေးအဖွဲ့က အကြံပြုထားတဲ့ အစီအမံတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို နောက်ဆက်တွဲ ဆောင်ရွက်မှုဆိုင်ရာ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာပါ။

ဒီထုတ်ပြန်ချက်မှာတော့ အီးယူအဖွဲ့ဝင်လောင်းနိုင်ငံတွေ၊ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတွေလည်း အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းပါဝင်ကြပြီး နောက်ဆုံးဆွေးနွေးခဲ့တဲ့ အချိန်ကစတင်ကာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဆက်လက်ဆိုးရွားနေသလို ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှု ပြန်လည်ဖော်ဆောင်ရေးနဲ့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးနိုင်မဲ့ အခြေအနေတွေအတွက် သိသာထင်ရှားတဲ့ တိုးတက်မှု တစုံတရာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခ၊ မလုံခြုံမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ ပိုမိုပြင်းထန်လာခဲ့သလို စစ်မှုထမ်းဥပဒေ ကျင့်သုံးမှု အပါအဝင် စစ်အုပ်စုရဲ့ အတင်းအဓမ္မ စေခိုင်းမှုဆိုင်ရာ အစီရင်ခံစာတွေဟာလည် အထူးစိုးရိမ်ဖွယ် ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

ILO စုံစမ်းစစ်ဆေးရေးကော်မရှင် တောင်းဆိုချက်အရ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေကို ပြန်လည်လွှတ်ပေးခဲ့တာကို ကြိုဆိုပေမဲ့ တခြားသူတွေ ဆက်လက်ဖမ်းဆီးခံထားရမှုအပေါ် စိုးရိမ်ကြောင်းနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု သမဂ္ဂတွေကို အသုံးပြုကာ စစ်မှန်သော လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ထိခိုက်စေမှု အပါအဝင် လုပ်ငန်းဆောင်တာတွေအပေါ် နှောင့်ယှက်နေမှုတွေကို စိတ်မကောင်းစွာ တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာစံနှုန်းနဲ့ မညီဘဲ ဒီမိုကရေစီလမ်းကြောင်းအတွက် အထောက်အကူ မပြုဘူးလို့ ယူဆကြောင်းလည်း ဖော်ပြလိုက်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေကို စစ်အာဏာပိုင်တွေက တမင်တကာ ဆက်လက် လျစ်လျူရှုနေတဲ့အပေါ် ပြင်းထန်စွာ စိုးရိမ်မိကြောင်းနဲ့ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း ကတိပြုထားပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီကတော့ ILO ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၃ ချမှတ်ခံထားရပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ရဲ့ အကြံပြုချက်တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အလေးထား လိုက်နာဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ILO ရဲ့ ပြဋ္ဌာန်းချက် ၂ ရပ်ကို ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ တဖက်သတ် စွတ်စွဲပြောဆိုတာဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းတာကို မလိုလားတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက မဟုတ်မမှန် သတင်းတွေ ဖြန့်ဝေနေတာဆိုပြီး စစ်ကောင်စီက ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013