DVB Logo
Home
မြန်မာသတင်း
လူမျိုးသုဉ်းသတ်ဖြတ်မှုဝေါဟာရ လက်လွတ်စပယ်မသုံးရန် ကိုဖီအာနန်ပြောကြား
DVB
·
December 7, 2016
လူမျိုးသုဉ်းသတ်ဖြတ်မှုဝေါဟာရ လက်လွတ်စပယ်မသုံးရန် ကိုဖီအာနန်ပြောကြား
Donate to DVB

လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ ဝေါဟာရဟာ ပြင်းထန်လို့ လက်လွတ်စပယ်မသုံးသင့်ဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကိုဖီအာနန်က ပြောသွားတာပါ။

ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ဟာ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးကို အားပေးဖို့၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေကိုပေးဖို့ စတာတွေအတွက် နည်းလမ်းတွေကို အစိုးရကို အကြံပြုချက်ပေးဖို့ ဖြစ်တယ်လို့ မစ္စတာ ကိုဖီအာနန်က ဆိုပါတယ်။

“လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့ စကားလုံးက ပြင်းထန်ပါတယ်။ ဒီဝေါဟာရဟာ ဥပဒေပိုင်းက ပြန်လည်သုံးသပ်ပြီးတော့ တရားစီရင်ရေးက ဆုံးဖြတ်ပြီးတော့မှ သုံးနှုန်းသင့်တဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ လက်လွတ်စပယ်သုံးသင့်တဲ့ ဝေါဟာရ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေနဲ့တိုက်ခိုက်မှုတွေရှိနေပေမယ့် ဒီအခြေအနေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ မခေါ်လိုကြောင်းနဲ့ ဒီစကားလုံးကို အရမ်းအရမ်းသတိထားဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ဘီဘီစီ သတင်းဌာနရဲ့မေးမြန်းချက်ကို ဖြေကြားသွားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကြည့်ပါက ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို အမြန်ချက်ချင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ နယ်မြေတွေကို သွားရောက်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ အပေါ် ကော်မရှင်အနေနဲ့ အထူးစိုးရိမ်ပူပန်ပါတယ်လို့လည်း သူက ပြောပါတယ်။

ပြဿနာဖြစ်ခဲ့တဲ့ နေရာတွေကို မီဒီယာတွေ မကြာခင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ဒီနယ်မြေမှာ သတင်းသမားတွေ သွားရောက်သတင်းယူခွင့်ရခဲ့ရင် ကောလာဟလတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်လို့လည်း မစ္စတာ ကိုဖီအာနန်ကပြောပါတယ်။

လုံခြုံရေးလိုအပ်တဲ့နေရာတိုင်းမှာ အရပ်သားတွေကို အမြဲအကာအကွယ်ပေးဖို့လိုတယ်၊ လုံခြုံရေးအဖွဲ့တွေကိုလည်း တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လိုက်နာပြီး လုပ်ငန်းဆောင်ရွက် ကြရန် တိုက်တွန်းထားပါကြောင်း။ လူသားချင်းစာနာ ထောက်ထားရေး အကူအညီများကို အဟန့်အတားမဖြစ်စေရန်လည်း အလေးအနက် ပြောကြားခဲ့တယ်လို့ လည်းဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ၃ ရက်ကြာသွားရောက်ခဲ့ပြီး နေပြည်တော်မှာလည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို လည်းသွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ ဖွဲ့စည်းပြီး ၁၂ လအတွင်းမှာ အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလောက်မှာ ကနဦး ကြားဖြတ်အစီရင်ခံစာ တင်သွားဖို့ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က နိုင်ငံပိုင်သတင်းစာကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013