DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အမတ်များကို မစ္စတာကိုဖီအာနန် တွေ့ဆုံ
DVB
·
December 5, 2016
နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အမတ်များကို မစ္စတာကိုဖီအာနန် တွေ့ဆုံ
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်တို့ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော် ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ရှိ နှစ်ဘက်အသိုက်အ၀န်းအတွက် လူသားချင်းစာနာမှု အကူအညီများ အရေးပါမှု၊ မမှန်ကန်သည့် ကောလာဟလသတင်းများအပေါ် မှန်ကန်စွာ တုံ့ပြန်၍ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ရန် အရေးကြီးမှုနဲ့ ရခိုင်ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀တွေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံးက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ဒီကနေ့မနက်က လွှတ်တော်ကို သွားရောက်ပြီး လည်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ရခိုင်ကိုယ်စားလှယ် ၄ ဦး၊ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၁ ဦးတို့ကို လာရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ် အရေးကို ဆွေးနွေး အကြံဉာဏ်တွေ တောင်းခံခဲ့ပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီမှ ရခိုင်ကိုယ်စားလှယ် ဦးစိုးဝင်းက "ကျနော် ဘယ်လိုအကြံပေးလဲဆိုရင် ဒီရခိုင်ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့လိုတယ်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်က ရခိုင်ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တာ မတွေ့ရဘူး။ အခု နိုင်ငံတော်အတိုင်ပင်ခံကတော့ ရခိုင်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ မြင်တယ်။ ဒါကြောင့် ရခိုင်ပြဿနာကို ပြေလည်အောင် ဖြေရှင်းပါ။ ပြီးလို့ရှိရင် ရခိုင်ထဲမှာရှိနေတဲ့ မွတ်စလင်တွေနဲ့ ပတ်သက်လို့လည်း နိုင်ငံသားဖြစ်ခွင့် ပေးသင့် ပေးထိုက်တဲ့သူတွေကို ဥပဒေနဲ့အညီပေါ့ နိုင်ငံသားဖြစ်ခွင့်ပေး။ ဖြစ်ခွင့်မရှိတဲ့သူကိုလည်း မရှိသလို ထားပေါ့ဗျာ။ ပြီးလို့ရှိရင် ရခိုင်မှာ ကန့်ထားတဲ့ တံခါးရှိတယ်။ အဲတံခါးကို ဖွင့်ချပေးလိုက်။ အဲလိုဆို သူတို့လည်း မြန်မာပြည်ထဲကို စီးဆင်းလာလို့ရမယ်။ သူတို့ကြိုက်တဲ့နေရာမှာ နေလို့ရမယ်။ အခြားတိုင်းပြည်တွေကို သွားလို့ ရရင်လည်း သွားပေါ့ဗျာ။ ဒီလိုဆို ရခိုင်မှာလည်း ဘင်္ဂါလီတွေ အားနည်းသွားမယ်။ အဲလို အကြံပေးခဲ့ တယ်" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော နှစ်ဘက် အသိုင်းအ၀န်းက ရပ်မိရပ်ဖတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့မှာ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို သွားရောက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ကတော့ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့တွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလောက်မှာ ပထမဦးဆုံး ကြားဖြတ်အစီရင်ခံစာ တင်သွားဖို့ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ မြေပုံ ဒေသခံတွေကတော့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ အကြံပေးကော်ရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
သတင်း - အောင်ကိုကိုလတ်၊ နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013