DVB Logo
Home
မြန်မာသတင်း
လူသတ်၊ မုဒိမ်း၊ မီးရှို့မှုများလုပ်ဆောင်ခြင်းမရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှင်းလင်း
DVB
·
December 6, 2016
လူသတ်၊ မုဒိမ်း၊ မီးရှို့မှုများလုပ်ဆောင်ခြင်းမရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှင်းလင်း
Donate to DVB

မြန်မာတပ်မတော်အနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုတွေ လုပ်ဆောင်နေတာမရှိဘူးလို့ နိုင်ငံတကာ မီဒီယာတွေမှာ အပြင်းအထန် စွပ်စွဲရေးသားနေတာတွေနဲ့ပတ်သက်ပြီး မြန်မာတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်းပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဒီကနေ့ မနက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်မတော်အပေါ်လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်က “သတင်း မီဒီယာတချို့တွင် တပ်မတော်မှ လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောဆို မှုများရှိကြောင်း၊ လူသတ်မှု၊ မုဒိမ်းမှုများနှင့်ပတ်သက်၍ မြေပြင်တပ်များမှ တင်ပြချက်အရ ယင်းဖြစ်စဉ်များမရှိကြောင်း၊ မီးရှို့ခြင်းနှင့်ပတ်သက်၍ သူတို့ကိုယ်တိုင် အချင်းချင်းမီးရှို့သည် များလည်းရှိကြောင်း၊ အိမ်မီးလောင်ပါက အိမ်အသစ်ရ မည်ဆိုပြီးလုပ်ဆောင်သည်များ လည်းရှိနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မိမိတို့ တပ်မတော်ကသာအဓိက ပြန်လည် လုပ်ဆောင် ပေးရသည့် အစဉ်အလာနှင့် အတွေ့အကြုံများစွာရှိခြင်းကြောင့် တပ်မတော်ကအိမ်များကို မီးရှို့ခြင်းမှာ မဖြစ်နိုင်ကြောင်း” ပြောကြားခဲ့ပါတယ်။

ရခိုင်ဒေသမှာ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ လုံခြုံရေးအဖွဲ့တွေရဲ့ လက်နက် ခဲယမ်းတွေ ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေ ထိတွေ့မှု ဖြစ်စဉ်မှာ ဒီလက်နက်တွေနဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်လို့ အန္တရာယ်ကြီးမားတာကြောင့် အားလုံး ပြန်လည်သိမ်းဆည်းရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မစ္စတာ ကိုဖီအာနန်ကလည်း မိမိတို့ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလဖြစ်စဉ်မှာ တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ကော်မရှင်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ ပြန်လည်သင့်မြတ်ရေး၊ အသိုက်အ၀န်းအသီးသီးကြား ထိတွေ့ဆွေးနွေးနိုင်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရေရှည်ကာလအတွက် အကြံပြုသွားမယ်လို့ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလဖြစ်စဉ်ကြောင့် အသိုက်အ၀န်းနှစ်ခုကြား တင်းမာမှုဖြစ်ပေါ်ခဲ့ပြီး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရရှိတဲ့အကြောင်း၊ လူငယ်အချင်းချင်း ထိတွေ့ဆက်ဆံမှုရှိပေမယ့် ရခိုင် အသက်ကြီးသူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းကြောင်း၊ ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ တပ်မတော်အတွက် အထောက်အကူပြုနိုင်မယ့် အစီရင်ခံစာပြုစုနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတယ် လို့လည်း ကိုဖီအာနန်က ပြောကြားခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အရာရှိကြီးတွေအပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013