
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ လှိုင်ကားကျေးရွာ (ထွန့်ပတိုင်) နားက ရှမ်းလေး စက်သုံးဆီ အရောင်းဆိုင်မှာ ဧပြီ ၂ ရက် ည ၇ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သိုလှောင်ထားတဲ့ စက်သုံးဆီတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
စက်သုံးဆီသယ်ယာဉ် (ဘောက်ဆာ)ကနေ ပန့်မော်တာနဲ့ သိုလှောင်ကန်ထဲ ဆီထည့်ရာကတဆင့် မီးလောင်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ မရှိဘဲ စက်သုံးဆီ သိုလှောင်ရုံ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်က “ဘောက်ဆာကနေ ကန်ထဲထည့်နေတဲ့ အချိန်မှာ ပန့်မော်တာနဲ့ ထည့်တော့ အဲဒီအချိန်မှာ မီးဟက်ပြီးလောင်တာ။ လူထိခိုက်သေဆုံးတာမရှိဘူး။ ဘောက်ဆာယာဉ်တော့ မီးမလောင်သွားဘူး။ ဂိုဒေါင်တခုလုံး ကုန်သွားတယ်”လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မာဃလူမှုကူညီရေးအသင်း(ဘားအံ)၊ လူမှုကူညီရေးအသင်းအဖွဲ့တွေက အရေးပေါ်မီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် ည ၇ နာရီခွဲလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာတနိုင်ငံလုံး ရင်ဆိုင်နေရတဲ့ စက်သုံးဆီရှားပါးမှု၊ ဈေးနှုန်းကြီးမြင့်မှု၊ ဝယ်ယူရခက်ခဲပြီး ရာသီဥတု ပူပြင်းထန်မှုတွေ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ်ကိုပါ အထူး သတိပြုဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းထားပါတယ်။










