
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေနဲ့ အမည်ခံ စီးပွားရေး လုပ်ငန်းတွေကို အာဏာပိုင်တွေက အရှိန်အဟုန်မြှင့် ဝင်ရောက်စစ်ဆေးနေတာကြောင့် ထိုင်းရောက် မြန်မာတချို့ ဖမ်းဆီးခံရတာတွေ ရှိလာပါတယ်။
အဖမ်းအဆီးကြောင့် မြန်မာလုပ်သားတွေ အပြင်ထွက် သွားလာမှု နည်းပါးလာတဲ့အတွက် ထိုင်းဒေသခံ ဈေးသည်တွေရဲ့ ရောင်းဝယ်ဖောက်ကားမှုအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ ထိုင်းရောက် မြန်မာတွေအနေနဲ့ ကန့်သတ်အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး စည်းကမ်းလိုက်နာကြဖို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဘန်ကောက်မြို့ရဲ့ နာမည်ကြီး စျေးဝယ်စင်တာတွေဖြစ်တဲ့ Platinum Fashion Mall၊ Indra Square တို့အပြင် ဒွန်မောင်းနဲ့ ဘန်ခဲဒေသရှိ ဈေးဆိုင်ခန်းတွေကို ဒီရက်တွေမှာ ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနေရာတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု ဈေးရောင်း ဈေးဝယ် လုပ်နေတဲ့ နေရာတွေဖြစ်ပြီး စစ်ဆေးမှုတွေအတွင်း စည်းကမ်းဖောက်ဖျက်တဲ့ နိုင်ငံခြားသား အလုပ်သမား ၃၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၂၇ ယောက်အထိ ရာခိုင်နှုန်းအားဖြင့် အများဆုံး ပါဝင်နေတာပါ။
ထိုင်းအာဏာပိုင်တွေ ဝင်စစ်ဆေးခဲ့တဲ့နေရာက ဈေးရောင်းနေတဲ့သူတွေကို DVB က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အဖမ်းခံရသူ အများစုဟာ အထောက်အထား လုံးဝမရှိတာနဲ့ တားမြစ်ထားတဲ့ အလုပ်တွေမှာ ဝင်လုပ်လို့ အဖမ်းရတာများတယ်လို့ ဆိုကြပါတယ်။
ဘန်ကောက်မှာ ဈေးရောင်းနေတဲ့ မြန်မာနိုင်ငံသားတယောက်က “အရင်ဖမ်းနေကြ ပုံစံအတိုင်း မဟုတ်ဘူး။ သူတို့က အဲလိုမျိုးပေါ့ကွာ၊ သူတို့ရဲ့အလုပ်တွေကို လာပြီးတော့ လုယူနေတယ်၊ အဲလိုမျိုးပုံစံတွေ ထိုင်းတွေက မကျေနပ်လို့ အဲလိုမျိုး ရဲတွေကို သွားတိုင်ပြီးတော့ အဲလိုမျိုး လာဖမ်းတာရှိတယ်။ သူတို့မှာ သူဌေးမရှိဘဲ သူတို့ဘာသာ သူတို့ပဲ ရောင်းတယ် အဲလိုပုံစံလေ။ ဒီမှာလည်း စီးပွားရေးတွေက သိပ်အဆင်မပြေကြဘူး။ ရောင်းအားက ကျမတို့ဆိုလည်း ရောင်းအားက ၅၀ ရာခိုင်နှုန်းလောက်ကို ကျသွားတာ” လို့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ဆိုရင်လည်း အဖမ်းခံရသူ အများစုဟာ တရားဝင် ပါမစ်ရှိပေမဲ့ ပါမစ်မှာ ခွင့်ပြုထားတဲ့ လုပ်ငန်းနယ်ပယ်ထက် ကျော်လွန်လုပ်ကိုင်တာ ဒါမှမဟုတ် နိုင်ငံခြားသား လုပ်ကိုင်ခွင့် တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို သွားရောက်လုပ်ကိုင်မိရာက ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းမှာ မြန်မာနိုင်ငံသားတွေက အမည်ခံ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဓိက အကြောင်းရင်းကတော့ ဆယ်စုနှစ်ပေါင်းများစွာ နားလည်မှုနဲ့ ထိုင်းတွေကလည်း နားလည်မှု ပေးထားတယ်။ ဒါတွေလုပ်လို့မရဘူးဆိုတာ ဥပဒေမှာ နဂိုကတည်းက ဖော်ပြထားပေမဲ့ မိခင် ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့ ဈေးရောင်းတာတို့၊ မော်တော်ယာဉ် ခေါက်တိုခေါက်ရှည် ဆွဲတာတို့၊ အလှပြင်ဆိုင်ဖွင့်တာတို့ စတဲ့ အလုပ်အကိုင် ၁၀ မျိုးက မိခင် ထိုင်းနိုင်ငံသားတွေကလွဲလို့ မလုပ်ရဘူး ဆိုတာတွေကို သွားပြီး လုပ်မိကြတယ်။ အခုအချိန်ကျမှ ဒီအလုပ်တွေကို မလုပ်ပါနဲ့တော့၊ မရတော့ဘူး၊ မဖြစ်တော့ဘူး ဆိုပြီးတော့ စီးပွားရေးနယ်ကျွံမိတဲ့၊ လုပ်ငန်းကိုင်ငန်း နယ်လွန်မိတဲ့သူတွေက အရှိန်လည်း ပြန်မသတ်ဘဲနဲ့ ဒီအတိုင်း ပေခံ၊ ရပ်ခံရင်းကနေပြီးတော့ အခုလို အဖမ်းခံရတာတွေပါ ဖြစ်လာတာပဲ” လို့ ထောက်ပြထားပါတယ်။
အခုလို ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ စစ်ဆေးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် ထိုင်းရောက် မြန်မာအသိုက်အဝန်းတွေကြား အရောင်းအဝယ်တွေ ရပ်နားထားရတဲ့အထိ ဖြစ်လာနေပြီး ဒါဟာ ဒေသခံ ထိုင်းစီးပွားရေးအပေါ်မှာပါ အပြန်အလှန် ရိုက်ခတ်မှု ရှိလာနေတာပါ။
ဘန်ကောက်မြို့ရဲ့ ထင်ရှားလှတဲ့ ချက်တူချက် (Chatuchak) ဈေးကြီးမှာဆိုရင်လည်း မြို့တော်ဝန်ဆီ ထိုင်းဈေးသည် ၁,၀၀၀ ကျော်က အရောင်းအဝယ်တွေ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ် ခြောက်ကပ်လာတဲ့အတွက် ကူညီပေးဖို့ အကူအညီတောင်းခံစာ ပေးပို့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
လက်ရှိ ဖမ်းဆီးစစ်ဆေးမှုတွေဟာ အရှိန်ပိုမြင့်လာနေတဲ့အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ အလုပ်ပါမစ်ပါ စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာကြဖို့၊ တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို ရှောင်ကြဉ်ကြဖို့နဲ့ စာရွက်စာတမ်း အထောက်အထားတွေ စနစ်တကျ ကိုင်ဆောင်ထားကြဖို့ အလုပ်သမားရေး အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
မောရစ်











