
စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ရိုးတလျှောက် ရွှေတူးဖော်တာတွေ အမြန်ဆုံး ရပ်တန့်ဖို့ ချင်းတွင်းမြစ်ရိုးတလျှောက် နေထိုင်နေကြတဲ့ ရှမ်းနီနဲ့ ကူကီးတိုင်းရင်းသားတွေက တောင်းဆိုပါတယ်။
ဒီကနေ့မနက် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်တာဖြစ်ပြီး ရွှေတူးဖော်မှုကြောင့် မြစ်ရေမသန့်တာတွေ၊ ကျွဲ၊ နွားတွေအတွက် စားကျက်မြေတွေ ပျက်စီးတာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရပ်တန့်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ပတ်ဝန်းကျင်ထိခိုက်မှုတွေအပြင် မူးယစ်ဆေး ပေါများလာပြီး ဒေသခံအမျိုးသမီးတွေ လုံခြုံမှုမရှိတော့ဘဲ ဖြစ်နေရတယ်လို့ ရှမ်းနီအဖွဲ့ ကိုယ်စားလှယ် ဒေါ်ဇင်မာဝင်းက ပြောပါတယ်။
“အခု ကျမတို့ဆိုရင် လက်ဖက်ခင်းတွေ ပျက်စီးဆုံးရှုံးသွားတယ်။ အမျိုးသမီးတွေ ဆိုရင်လည်း လုံခြုံမှုမရှိဘဲနဲ့ မုဒိမ်းမှုတွေ ခဏခဏဖြစ်နေတယ်။ ဒီလိုမျိုး ဒေသခံတွေက တော်တော်လေးကို ကြုံတွေ့နေရတယ်ပေါ့လေ။ ရွှေမျောတွေဝင်တော့ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိတ်ကြွဆေးတွေ သုံးစွဲပြီးမှ ဒီလို အမျိုးသမီးတွေက ခံစားနေရတာပေါ့လေ။ ကလေးတွေရော၊ လူကြီးတွေရော၊ စိတ်မနှံ့တဲ့သူတွေကအစ အဲလိုမျိုးခံစားနေရတာ။”
ဒါ့အပြင် ဒေသခံတွေအနေနဲ့ ချင်းတွင်းမြစ်ရေကို အဓိက အသုံးပြု သောက်သုံးနေရပြီး ရွှေတူးဖော်ရာမှာ မျောလာတဲ့ ရွံ့ရေတွေကြောင့် သောက်သုံးလို့မရတော့တဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရွှေတူးဖော်တဲ့လုပ်ငန်း ၁၀၀ ဝန်းကျင်လောက်ရှိပြီး တရားမဝင် တူးဖော်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီဒေသမှာ ၂၀၀၈ ခုနှစ်လောက်တည်းက ရွှေစတင်တူးဖော်လာကြတာဖြစ်ပြီး အရင်က ဒီကိစ္စကို မြို့နယ်ဌာနဆိုင်ရာတွေကို အကြောင်းကြားခဲ့ပေမယ့် ထိရောက်တဲ့ဖြေရှင်းမှုတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ရိုးမှာ ရွှေတူးဖော်မှုတွေကို ရပ်တန့်ဖို့ ရှမ်းနီနဲ့ ကူကီးတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ ပူးပေါင်းကန့်ကွက်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။











