DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်အခက်အခဲကြောင့် ချင်းတွင်းမြစ်အတွင်းက တစုန်းငုတ်များ မဖယ်ရှားနိုင်သေး
DVB
·
May 22, 2018
ဘတ်ဂျက်အခက်အခဲကြောင့် ချင်းတွင်းမြစ်အတွင်းက တစုန်းငုတ်များ မဖယ်ရှားနိုင်သေး
Donate to DVB

ငွေကြေးအခက်အခဲကြောင့် ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ထဲရှိ အန္တရာယ်များတဲ့ တစုန်းငုတ်တွေကို ဖယ်ရှားဖို့ အစီအစဉ် မရှိသေးဘူးလို့  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်/လမ်းပန်း ဝန်ကြီး ဦးသန်းညွန့်ဝင်းကပြောပါတယ်။

ရေကြောင်းသွားလာရေးအတွက် အန္တရာယ်များလှတဲ့ တစုန်း ခေါ် ငုတ်တွေကို မြစ်ရေမတိုးခင် ဖယ်ရှားပေးဖို့နဲ့ပတ်သက်ပြီး ခန္တီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်က မေလ ၂၁ ရက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာပါ။

“ခန္တီးမြို့နယ် လုံတုံကျေးရွာနားက ငုတ်တထောင်နေရာနဲ့ ကောင်းဟိန်းကျေးရွာနားက မြစ်လယ်ကောင်နေရာတွေမှာ ငုတ်တွေ အများကြီးရှိနေတယ်။ ငုတ်တွေနဲ့ မြစ်အတွင်း သွားလာနေတဲ့ လှေတွေတိုက်မိရင် လှေမှောက်တာတွေ၊ နစ်မြုပ်တာတွေ ဖြစ်နိုင်တယ်။ အဲလိုဖြစ်ရင် လှေပေါ်ပါတဲ့ ကုန်ပစ္စည်းတွေ ဆုံးရှုံးတာတင်မက လူတွေပါ အသက်အန္တရာယ် ရှိတယ်။ ဒီငုတ်တွေကို လွှတ်တော်ပို့ဆက်ကော်မတီ ဥက္ကဋ္ဌနဲ့အဖွဲ့ ချင်းတွင်းမြစ်ကြောင်း ခရီးစဉ်မှာလည်း မြင်တွေ့သွားပြီးသားပါ။ ရေနည်းတဲ့ကာလမှာ မော်တော်တွေက ငုတ်တွေကို ရှောင်ကွင်းပြီး ခက်ခက်ခဲခဲ သွားကြရသလို ရေကြီးတဲ့အခါမှာလည်း တော်တော်များများ ငုတ်ထိုးမိတာတွေ၊ ပန်ကာနဲ့ ခုတ်မိတာတွေ ဖြစ်တဲ့အတွက် ဖယ်ပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မေးရတာပါ”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ လျှပ်စစ်/လမ်းပန်း ဝန်ကြီး ဦးသန်းညွန့်ဝင်းက   တိုင်းအစိုးရအဖွဲ့မှာ ဘက်ဂျက် အခက်အခဲရှိတဲ့အတွက် လတ်တလောမှာ မဖယ်ရှားပေး နိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“လတ်တလောကတော့ ရန်ပုံငွေ မရှိဘူးလေ။ ပြီးတော့ ခန္တီးနဲ့ ဟုမ္မလင်းကြားမှာက သင်္ဘောကြီးတွေ မဆိုက်ဘူး။ ပြည်တွင်းရေကြောင်း သင်္ဘောကြီးတွေ အဲဒီဘက် မသွားဘူး။ ဒေသဆိုင်ရာ စက်လှေလေးတွေလည်း ရှိတယ်။ အဲဒါလည်း ကိုယ့်ဒေသနဲ့ကိုယ်ဆိုတော့ အန္တရာယ်မရှိအောင် ခုတ်မောင်းတတ်ပါတယ်။ နောက်တချက်က ဒီဟာက ဖြည့်စွက်ရန်ပုံငွေနဲ့ လုပ်ရမယ့် လုပ်ငန်း။ ဖြည့်စွက်ရန်ပုံငွေမှာက အဲဒီအတွက် မပါဘူး။ မပါတော့ ပြည်ထောင်စုကို ဘက်ဂျက်တင်ရမှာ။ အခုဟာက ပုံမှန်တော့ လုပ်ပါတယ်။ ဟုမ္မလင်းနဲ့ ဒီတလျှောက်ပေါ့။ ချင်းတွင်းမြစ်ဝထိ။ အဲဒီမှာရှိတဲ့ ငုတ်တွေကတော့ နှစ်စဉ် ဖော်ပါတယ်။ အခုဟာက ဒီလွှတ်တော်ကိုယ်စားလှယ် မေးသွားတာက ခန္တီးနဲ့ ဟုမ္မလင်းကြားက ရွာ ၂ ရွာ။ အဲဒီရွာ ၂ ရွာအနီးမှာရှိတဲ့ ငုတ်တွေကို မေးသွားတာ။ လတ်တလောကတော့ ရန်ပုံငွေမရှိတဲ့အတွက် လုပ်မပေးနိုင်သေးဘူး။ ရေလမ်းထိန်းသိမ်းရေးဆိုတဲ့ ရောဂါတွေ မကုနိုင်သေးခင် ဒဏ်ရာတွေ ဖြစ်တဲ့ ဒီကမ်းပြို၊ ကမ်းထိန်းတွေပဲ ရှိသမျှ ရန်ပုံငွေတွေ အကုန်သုံးနေရတာ ဖြစ်တဲ့အတွက် အဲဒီဘက်ကို မလှည့်နိုင်သေးတာ။ ပြည်ထောင်စုကို ငွေလုံးငွေရင်းတောင်းမယ်။ ရရင် ချက်ချင်းလုပ်ပေးမယ်”

ချင်းတွင်းမြစ်ထဲမှာ မှတ်ပုံတင် ပြေးဆွဲနေတဲ့ ရေယာဉ်အသင်း ၂၈ သင်းက ရေယာဉ်အစီးရေ ၇၀၀ နီးပါးလောက်ပြေးဆွဲနေတာဖြစ်ပြီး တစုန်းငုတ်တွေကြောင့် နှစ်စဉ်ဆိုသလို မော်တော်တချို့ မတော်တဆဖြစ်တာတွေလည်း ရှိပါတယ်။

ချင်းတွင်းမြစ်ထဲမှာ ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ရေယာဉ်အမျိုးအစားလိုက်ပြီး အစုန်အဆန် မြစ်ကြောင်း အသုံးပြုခတွေ ပေးနေရပေမယ့် အဖွဲ့အစည်းတွေက မြစ်ကြောင်းဖွံ့ဖြိုးအောင် ဆောင်ရွက်တာမရှိဘူးလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေက ရေကြောင်းကိုသာ အဓိကအားထားနေရပြီး အကြောင်းအမျိုးမျိုးကြောင့် ရေကြောင်းတွေ ယာယီပိတ်ထားတဲ့အခါ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားပြီး ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှုတွေ ဖြစ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013