DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား မပြတ်စေလိုပါက ဘတ်ဂျက်ခွင့်ပြုပေးရန် ဒုဝန်ကြီးတိုက်တွန်း
DVB
·
April 29, 2019
လျှပ်စစ်ဓာတ်အား မပြတ်စေလိုပါက ဘတ်ဂျက်ခွင့်ပြုပေးရန် ဒုဝန်ကြီးတိုက်တွန်း
Donate to DVB

လျှပ်စစ်ဓာတ်အား မပြတ်တောက်စေလိုပါက ဝန်ကြီးဌာနက တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ငွေအားလုံး ခွင့်ပြုပေးဖို့လိုအပ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ဒီကနေ့ လွှတ်တော်မှာ ပြောပါတယ်။

နွေရာသီကာလရောက်တိုင်း မြန်မာနိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှုဟာ သိသိသာသာ မြင့်တက်လာခဲ့သလို လျှပ်စစ်မီး ပြတ်တောက်မှုတွေဟာလည်း သိသိသာသာဖြစ် ပေါ်လေ့ရှိတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဧပြီ ၂၉ ရက်က ပြန်လည်စတင်တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမဲဆန္ဒနယ် ကိုယ်စားလှယ်က ယခုနှစ်နွေရာသီကာလအတွက် မြန်မာတပြည်လုံး အတိုင်းအတာနဲ့ လျှပ်စစ်သုံးစွဲမှုပမာဏအပေါ် ဝန်ကြီးဌာနနဲ့ သုံးသပ်ထားမှုအခြေအနေနဲ့ လျှပ်စစ်ပြတ်တောက်မှု မရှိစေဖို့ ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို မေးခွန်းထုတ်ခဲ့တာပါ။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးက “မြန်မာနိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်ကို ကာလတို၊ ကာလရှည် ခန့်မှန်းတွက်ချက်ပြီး ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့အတွက် ရေတို/ ရေရှည်စီမံချက်တွေနဲ့ ကြိုးစားဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမဖြစ်စေဖို့အတွက်ဆိုရင်ဖြင့် ဝန်ကြီးဌာနက တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ပမာဏအားလုံးကို ခွင့်ပြုပေးဖို့ လိုအပ်တယ်” လို့  ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

မေးခွန်းရှင်က ပြည်ပနိုင်ငံတချို့ရဲ့ မီးပြတ်တောက်မှုမရှိအောင် လုပ်ဆောင်နေမှုတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်းအပေါ် ထပ်ဆင့် မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီမေးခွန်းအပေါ်မှာလည်း ဒုဝန်ကြီးက  တခြားနိုင်ငံတွေမှာ လျှပ်စစ်မီးမပြတ်တောက်ဘူးဆိုတဲ့ အချက်အပေါ် ငြင်းဆိုခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်မီးပြတ် တောက်မှုဖြစ်ပေါ်ပါက  နာရီပိုင်းအတွင်း လျှပ်စစ်မီးပြန်လည်ရရှိအောင် ဆောင်ရွက်ထားတယ်လို့ ဖြေကြားသွားပါတယ်။

၂၀၁၉ ခုနှစ် နွေရာသီကာလအတွက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေကို ခန့်မှန်းတွက်ချက်ပြီး ၀န်ကြီးဌာနအနေနဲ့ အပူစွမ်းအင်သုံးဓါတ်အားပေးစက်တွေ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံနဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်တွေကို အခြေခံပြီး လျှပ်စစ်ထုတ်လုပ်မှုပုံစံနဲ့ ဓာတ်အားလိုချက်ကို ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုနှစ် နွေရာသီအတွက် လအလိုက်ဖြစ်နိုင်တဲ့ ဓာတ်အားလိုအပ်ချက်တွေကို ကြိုတင်ခန့် မှန်းထားချက်အရ ဧပြီလမှာ ၃၉၁၇ မဂ္ဂါဝပ်၊ မေလမှာ ၃၈၇၈ မဂ္ဂါဝပ် လိုအပ်ပါတယ်။

အောင်ဆန်းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013