DVB Logo
Home
Lead Story
၂၀၁၈-၂၀၁၉ အသုံးစရိတ် ဘတ်ဂျက်ခွဲဝေမှု သုံးသပ်ချက် - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
July 31, 2018
၂၀၁၈-၂၀၁၉ အသုံးစရိတ် ဘတ်ဂျက်ခွဲဝေမှု သုံးသပ်ချက် - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင်က ထွက်လာတဲ့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်အတွက် မြန်မာပြည်အတွက် လျာထားတဲ့ ဘတ်ဂျက်စာရင်းတွေ ထွက်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်ဝန်ကြီးဌာနတွေက ဘယ်လိုသုံးစွဲမလဲ။ ဘတ်ဂျက်တွေဟာ တိုင်းပြည်ရဲ့ ဘယ် Issue ကို သွားနေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ ဦးအောင်သူငြိမ်းနဲ့ ဒေါက်တာထွန်းမြင့်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဘတ်ဂျက်တွေကတော့ ထွက်လာပြီပေါ့။ ဒီနှစ် ထူးခြားတာကတော့ တနှစ်လုံးစာ မဟုတ်ဘူး။ ဘတ်ဂျက်ရီးယား ပြောင်းထားတော့ မီနီဘတ်ဂျက်ပေါ့။ ၆ လစာ ဖြစ်နေတယ်။ ဒီဘတ်ဂျက်တွေဟာ မြန်မာပြည်ရဲ့ နောက်နှစ်မှာ ဘာတွေလုပ်မလဲဆိုတာ ထင်ပေါ်စေတယ်။ ဆရာ့အနေနဲ့ ဒီဘတ်ဂျက်မှာ ထူးထူးခြားခြား ဘာတွေကို သတိပြုရမလဲ။ ဒီဘတ်ဂျက်ရဲ့ သက်ရောက်မှု၊ အစိုးရရဲ့ ပေါ်လစီ ဘာတွေရှိလဲ ဦးအောင်သူငြိမ်း အနေနဲ့ ဆွေးနွေးပေးပါဦး။”

ဦးအောင်သူငြိမ်း (အယ်ဒီတာ)

“ဒီနှစ်ဘတ်ဂျက်က ဧပြီကနေ စက်တင်ဘာအထိ ၆ လစာပဲ ဆွဲထားပါတယ်။ ဘတ်ဂျက်နှစ် အသစ်မပြောင်းခင်မှာ ကြားကာလ ဖြတ်သန်းတဲ့ သဘောမျိုးပေါ့။ ဒီဘတ်ဂျက်မှာ အစိုးရသုံးငွေက နည်းနည်းလေး ပိုများတာ တွေ့ရတယ်။ အရင်တုန်းက တနှစ်လုံးစာသုံးတဲ့ ဘတ်ဂျက်က ဘယ်လောက်ရှိလဲဆိုတော့ သန်းပေါင်း ၂ သောင်းနဲ့ ၅၀၀ လောက် ရှိပါတယ်။ အခု လက်ရှိဘတ်ဂျက်မှာကျတော့ အသုံးစရိတ် ၆ လစာ သန်း ၁ သောင်းနဲ့ ၅၀၀ ကျော်ဆိုတော့ တွက်ကြည့်တော့ ၅၁ ရာခိုင်နှုန်းကျော်ကျော်လောက် ရှိတယ်။ ဒါက ငွေတိုးနှုန်းတက်လာတဲ့ သဘောမျိုးနဲ့ဆိုရင်တော့ ဒီလောက် ဖြစ်နိုင်ပါတယ်။ သမ္မတကလည်း ဝန်ထမ်းတွေကို လစာတိုးပေးထားတဲ့အတွက် အသုံးစရိတ်က နည်းနည်းလေး တိုးလာတဲ့သဘောမျိုး ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတာ တခုကတော့ ဘတ်ဂျက်လိုငွေပြမှုပေါ့။ အဲဒါက တိုးလာတယ်။ တိုးလာတာက ဘတ်ဂျက်လိုငွေပြမှုက ဂျီဒီပီရဲ့ ၆ ဒသမ ၁၅ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ နိုင်ငံတကာ ပညာရှင်တွေ ပြောတာက ၅ ရာခိုင်နှုန်းအောက်ဆို ပိုကောင်းတယ်။ ၅ ရာခိုင်နှုန်း အထက် တက်လာတယ်ဆိုရင် နည်းနည်းစိုးရိမ်စရာကောင်းတယ်လို့ ပြောတာတွေ ရှိပါတယ်။ ရေရှည်မှာကျတော့ တတ်နိုင်သလောက် Balance Budget Policy ရငွေနဲ့ သုံးငွေ မျှအောင် သုံးနိုင်ရင်တော့ ပိုကောင်းတဲ့အနေအထား ရှိပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာထွန်းမြင့်ကိုလည်း မေးပါရစေ။ အခုဘတ်ဂျက် ထွက်လာတယ်။ ဦးစားပေးကတော့ စီမံဘဏ္ဍာက ထိပ်ဆုံးကပေါ့။ ဒုတိယကတော့ လျှပ်စစ်နဲ့ စွမ်းအင်ပေါ့။ တတိယကတော့ တပ်မတော် အသုံးစရိတ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ တော်တော်များများကလည်း ဝေဖန်တယ်။ ဒါပေမယ့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း ပြောတာကတော့ အခုဘတ်ဂျက်သည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဘက်ကို ဦးတည်တယ်ဆိုတော့ အခု Allocation လုပ်ထားတာနဲ့ ဘယ်ဘက်ကို ဦးတည်နေလဲ၊ အပြင်မှာ တော်တော်ဝေဖန်တာကတော့ တပ်အသုံးစရိတ်က ၁၃ ရာခိုင်နှုန်းလောက် ရှိနေတာပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ ဆရာ ဖြည့်စွက်ဝေဖန်ပေးပါဦး။”

ပါမောက္ခ ဒေါက်တာထွန်းမြင့် (Carleton College-USA)

“ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ ဘာနဲ့တူလဲဆိုတော့ ဆင်းရဲသားနဲ့ ချမ်းသာတဲ့ သူဌေးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆင်းရဲသားကတော့ ထန်းလက်ကာတဲနဲ့ ဆောက်ထားပြီးတော့ အုတ်တံတိုင်းကြီးတွေနဲ့ သံတန်းကြီးတွေနဲ့ မှန်တွေနဲ့ ကျန်တဲ့နံရံကြီးကို ခတ်ချင်တဲ့သဘော ဆောင်တာပေါ့ဗျာ။ နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းရေးကိစ္စ၊ လုံခြုံရေးကိစ္စ ဆိုတာက အရေးကြီးပါတယ်။ သို့သော် အဲဒါကို ဦးစားပေးပြီး လုပ်တယ်ဆိုရင် တဲနဲ့ ဆင်းရဲသား၊ ဆောက်လိုက်တဲ့ အုတ်တံတိုင်းက သံတိုင်တွေနဲ့ မှန်တွေနဲ့ ဆောက်တဲ့ သဘောတရားကို ရောက်တယ်ပေါ့။ တတိယနေရာလောက်က ယူထားတဲ့ကိစ္စကပေါ့။ ဒီလိုပြောလိုက်ရင် စောဒကတက်စရာ အကြောင်းတခု ရှိတယ်။ ကျနော်တို့နိုင်ငံက ကမ္ဘာ့ပထဝီ အနေအထားအရ အိန္ဒိယနဲ့ တရုတ် နိုင်ငံကြီးနှစ်နိုင်ငံကြားထဲမှာ နေရတယ်။ အရှေ့ဘက်က ထိုင်း၊ သူကလည်း တပ်က ကောင်းတယ်ဆိုတော့ နှိုင်းယှဉ်ပြီးတော့ ပြောကြမှာပေါ့။ ဒီနိုင်ငံတွေက သုံးနေတော့ ကျနော်တို့လည်း ဒါကို သုံးရမယ်လို့ စောဒကတက်ကောင်း တက်နိုင်တယ်။ သို့သော် အဲဒီလို တကယ်တမ်း စိုးရိမ်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံသားတွေရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းချင်တယ်၊ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတတွေကို ထိန်းသိမ်းချင်တယ်ဆိုရင် တပ်မတော်ကို မေးစရာရှိတာက ဒါဆိုရင် ကျနော်တို့ ဘာကြောင့် ဧရာဝတီမြစ်ကို ဖျက်ဆီးလုအောင် ဖြစ်နိုင်တဲ့ မြစ်ဆုံဆည်ကို ကျနော်တို့ ပေးလိုက်ရပါတယ်။ အဲဒီပရောဂျက်ကို ပေးခဲ့ရတယ်။ နံပါတ်နှစ်က တရုတ်ဘက်က ကျောက်ဖြူ၊ ရခိုင်ဘက်ကနေ ယူနန်ထိ ပြေးနေတဲ့ မြန်မာနိုင်ငံကို ရင်ခွဲခံထားရသလိုပုံစံ ဖြစ်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြီးကို ဘာကြောင့် လုပ်ခိုင်းထားသလဲ။ လုပ်ခံထားသလဲ။ နောက်တခုက စစ်ကိုင်းတိုင်းမှာ ရှိနေတဲ့ ကြေးစင်တောင်ဆိုရင် ပြားသွားပါပြီ။ သဲကန္တာရ ဖြစ်တော့မှာပါ။ အခု လက်ပံတောင်းတောင် ပရောဂျက်ကြီးတခုလုံးကို တရုတ်ကုမ္ပဏီတွေကို ဝင်ပြီးလုပ်ခိုင်းထားတာက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံသားတွေရဲ့ အချုပ်အခြာအာဏာ လုပ်နိုင်စွမ်းအားတွေကို ထိရောက်မှုရှိသလား၊ မရှိဘူးလားဆိုတာ သူတို့ မေးပြီး ဖြေပြီးတော့ စဉ်းစားရတော့မယ်။ ပထမ၊ ဒုတိယ၊ တတိယ အနေအထားလောက်ကို ယူထားတာ တိုးတက်တဲ့ နိုင်ငံတွေမှာ၊ ချမ်းသာတဲ့ နိုင်ငံတွေမှာ လုံခြုံရေးကိစ္စကို ပိုပြီးစိုးရိမ်ရမှာ ဖြစ်တယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013