DVB Logo
Home
မြန်မာသတင်း
အစိုးရအသုံးစရိတ် ဘတ်ဂျက် ကျပ် ၂၃၀ ဘီလီယံကျော် လွှတ်တော်ဖြတ်တောက်အတည်ပြု
DVB
·
September 14, 2018
အစိုးရအသုံးစရိတ် ဘတ်ဂျက် ကျပ် ၂၃၀ ဘီလီယံကျော် လွှတ်တော်ဖြတ်တောက်အတည်ပြု
Donate to DVB

အစိုးရအဖွဲ့ တောင်းခံတဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အသုံးစရိတ် ကျပ်ဘီလီယံ ၂၅၀၀၀ ခန့်ထဲကနေ ကျပ် ၂၃၀ ဘီလီယံကျော်ကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက် အတည်ပြုပေးလိုက်ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းရဲ့ ရငွေသုံးငွေနဲ့ပတ်သက်လို့ အသုံးစရိတ်တောင်းခံတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောထားကို မေးမြန်းပြီး စက်တင်ဘာ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အခုလို ဖြတ်တောက်ဖို့ အတည်ပြုလိုက်တာပါ။

အခုဖြတ်တောက်လိုက်တဲ့ ဘီလီယံ ၂၃၀ ဟာ အသားတင်ဖြတ်တောက်တာ မဟုတ်ဘဲ တချို့အသုံးစရိတ်တွေမှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ အကူအညီရငွေတွေနဲ့ လုပ်တဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ ဘတ်ဂျက်ဖြတ်တောက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုဖြတ်လိုက်တဲ့အခါမှာ တဖက်က ရငွေမှာ ပြရသလို၊ သုံးငွေမှာလည်း ပြရတာကြောင့် သုံးငွေမှာဖြတ်ရင် ရငွေမှာ ပြန်လျော့ရတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

"လွှတ်တော်အနေနဲ့ ဘတ်ဂျက်ဖြတ်တဲ့အခါ ဘယ်နှစ်ရာခိုင်နှုန်း ဖြတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး။ အသုံးစရိတ်တရပ်ဟာ လိုအပ်တယ်။ ဒါပေမယ့် အခုမလုပ်လို့ ရသေးရင် လျော့တယ်။ တချို့လိုအပ်တယ်၊ ဒါပေမယ့် များနေတယ်၊ များနေရင် လျော့တယ်။ ဒါပါပဲ အဓိကက" လို့ ဆိုပါတယ်။

ခုလို တိုင်းပြည်စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ရင်းနှီးမြှုပ်နှံပေးတဲ့သဘောနဲ့ အစိုးရက လိုငွေပြဘတ်ဂျက်နဲ့ သုံးစွဲခွင့် ပြုပေးလိုက်တာလို့လည်း ပြောပါတယ်။

"အခု အပြင်မှာ ပြောနေကြတာက စီးပွားရေးတွေက ကျပ်တည်းနေတယ်။ ငွေကြေးလည်ပတ်မှု မရှိဘူးလို့ ပြောပါတယ်။ ဒီအချိန်မှာ အစိုးရရဲ့ သုံးစွဲငွေပါ။ အစိုးရရဲ့ သုံးစွဲငွေဟာ နိုင်ငံထဲကို ထည့်သွင်းတာ လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အဲတော့ အစိုးရက သုံးစွဲလိုက်တယ်။ သုံးစွဲလိုက်တဲ့ငွေဟာ ဈေးကွက်ထဲမှာ ပြန်ပြီး လည်ပတ်သွားမယ်။ အလုပ်သမားတွေ အလုပ်ရမယ်။ အားလုံးဟာ မျှတပြီး ကျသွားမှာဖြစ်ပါတယ်" လို့ ဦးအောင်မင်းက ဆိုပါတယ်။

ဘတ်ဂျက်ဖြတ်တောက်ခံရတဲ့အထဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့က အများအပြား ဖြတ်တောက်ခံခဲ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သာမန်သုံးငွေ ကျပ်သန်း ၇၀၀ နဲ့ ငွေလုံးငွေရင်းသုံးငွေ သန်း ၁၉၅၁ ကျော် ဖြတ်တောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ၁၇၀၀ ကိုလည်း ဖြတ်တောက်လိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013