
ပေါ်တူဂီရဲတပ်ဖွဲ့ဟာ ပြင်သစ်အမျိုးသားတယောက်ကို စာရွက်စာတမ်းအတု ပြုလုပ်မှု၊ တရားမဝင် သေနတ်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခဲ့ပြီး သူဟာ သံသယရှိစရာ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
အမျိုးသား ရီပတ်ဘလစ်ကန်အစောင့်တပ် (GNR) ရဲတပ်ဖွဲ့မှ အရာရှိတွေဟာ အင်္ဂါနေ့က ပေါ်တူဂီနိုင်ငံ အရှေ့မြောက်ပိုင်း မေ့ဒါမြို့အနီး လမ်းစစ်ဆေးမှုတခုအတွင်း အဲဒီအမျိုးသားကို ရပ်တန့်ခိုင်းခဲ့ပြီး သူ ထုတ်ပြတဲ့ စာရွက်စာတမ်းတွေဟာ အတုအပပြုလုပ်ထားပုံရကြောင်း သတိထားမိခဲ့တယ်လို့ မတ် ၂၅ ရက် ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ရာဇဝတ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း ဗုဒ္ဓဟူးနေ့မှာ သီးခြားထုတ်ပြန်ခဲ့ရာမှာ အဲဒီယာဉ်ကို ရှာဖွေစစ်ဆေးတုန်းကလည်း တရားဝင် အထောက်အထားမရှိတဲ့ လက်နက်တခုနဲ့အတူ ယူရိုငွေ ၁၇,၀၀၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ အဲဒီအမျိုးသားဟာ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှု ၂ ခု အပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ သံသယရှိသူအဖြစ် နာမည်ပျက်စာရင်း အသွင်းခံထားရသူ ဖြစ်နေတယ်လို့ ရဲ ၂ ဖွဲ့စလုံးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဟာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရရှိခဲ့ပြီးနောက် လူသူမနီးတဲ့ တောအရပ်တခုမှာ မြေမြှုပ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီရုပ်အလောင်းတွေဟာ အခုဖမ်းမိထားတဲ့သူရဲ့ လက်ရှိအိမ်ထောင်ဖက်နဲ့ အရင်က အိမ်ထောင်ဖက်ဟောင်းတို့ ဖြစ်နိုင်တယ်လို့ တရားရေးရဲတပ်ဖွဲ့က ယူဆထားပါတယ်။
လက်ရှိမှာတော့ မေ့ဒါမြို့ အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတည်ပြုဖို့နဲ့ သက်သေအထောက်အထားတွေကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပေါ်တူဂီ အစိုးရရှေ့နေရုံးကတော့ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။
Source: Reuters










