
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ဘိန်းဖြူတွေ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ချောင်းပေါက်ဆိပ်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာ ဟုမ္မလင်းမြို့ကနေ စုံဆင်းလာတဲ့ ကြယ်စင်သစ်ကုန်တင် အမြန်ယာဉ်စက်လှေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ သတင်းအရ မုံရွာမြို့မ စခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် ဦးဆောင်တဲ့အဖွဲ့မှ သက်သေတွေနဲ့အတူ မနေ့ နေလယ်ပိုင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြပါတယ်။
ဖမ်းဆီးရာမှာ ရေယာဉ်ပိုင်ရှင်ဖြစ်သူ ဟုမ္မလင်းမြို့နယ်၊ မြင်သာရွာနေ ကျော်ရင် (၄၂နှစ်) ထံမှ ပင်နဆလင်ပုလင်း ၄ပုလင်းမှ ၀.၄ ဂရမ်၊ ဖန်မီးချောင်းအတွင်း ထည့်ဖွက်ထားတဲ့ ကော်ဖီအိတ်ခွံ ၃ ခွံအတွင်းမှ ဆေးဝါးထည့်ထားတဲ့ပိုက် ၁၇ ချောင်း၊ vivo အမျိုးအစား အဖြူရောင် ဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်နဲ့အတူ ငွေသား ၄၀၂၀၀၀ ကျပ်၊ ဘောမှုန့်ပုလင်း ၂၆ ပုလင်းတို့ကို သိမ်းဆည်းရမိခဲ့ ပါတယ်။ ဖမ်းဆီးရမိမှုစုစုပေါင်း ကာလတန်ဖိုး ၆ သိန်းခန့်ဖြစ်ပါတယ်။ အခုလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃ ကြိမ်ရှိပြီဖြစ်ပြီး ၅ ရက်အတွင်း ၂ကြိမ်ရှိပြီဖြစ်ပါတယ်။
တိုင်းရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုကျဆင်းရေး အစီအစဉ်ဖြင့် ရှာဖွေဖမ်းဆီးရေး တွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်းမှ မူးယစ်(ပ)၁၇/၂၀၁၆၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဥပဒေဆိုင်ရာ ပုဒ်မ ၁၅/၁၆(ဂ)၊ ၂၀(က)တို့နဲ့ အရေးယူဆောင်ရွက်နေပါတယ်။
သတင်း - အောင်ကိုလတ်











