
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ကြက်တူရွေးကျေးရွာကို ဩဂုတ် ၂၇ ရက်မှာ စစ်အာဏာရှင် လက်အောက်ခံတွေ ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) ရဲ့ တာဝန်ရှိသူတယောက်က “စဥ့်ကူးတောင်ခြမ်းနဲ့ အနောက်တောင်ခြမ်းတွေမှာ ရှိကြတဲ့ ရွာတွေကို စစ်တပ်အထိုင်စခန်းတွေက ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေနဲ့ ရွာတွေထဲဝင်ပြီး မီးရှို့တာတွေ ဆက်တိုက်လုပ်နေတယ်။ မနေ့က ၂၇ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်ကလည်း ကြက်တူရွေးရွာထဲကို သဲအင်းရွာမှာ တပ်စွဲနေကြတဲ့ စခတွေ ဝင်ပြီး မီးရှို့နေတယ်။ ရွာအနောက်ဘက်ခြမ်းက အိမ်တွေမီးရှို့ခံရတာ။ မီးလောင်တဲ့ အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဝက်ပေါင်၊ တမာကုန်း၊ မြစ်ကမ်းကြီး၊ ဟင်္သာမရွာ၊ သဲအင်း၊ ကျွန်းတော်ရွာ၊ ကျွန်းကြီး၊ ရွှေဘယက်၊ ဇီးကုန်းနဲ့ ကြက်တူရွေးကျေးရွာကို စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့ကြတဲ့အထဲက ကြက်တူရွေးကျေးရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့လို့ ဒေသခံရွာသားတွေက နေအိမ်တွေကို အသစ်ပြန်လည်ဆောက်လုပ်ထားရတာလို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ကြက်တူရွေးကျေးရွာဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးတာ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီလို့လည်း ဆိုပါတယ်။
စဥ့်ကူးမြို့နယ် ပကဖပြန်ကြားရေးတာဝန်ရှိသူက “လက်ရှိအခြေအနေက အဲဒီဘက်မှာ စစ်ဆိုင်နေတဲ့ အခြေအနေ ရှိပေမဲ့ စစ်ရေးအခြေအနေ ပြင်းထန်လာနိုင်လို့ ဒီဘက် တော်လှန်ရေးအဖွဲ့တွေ ဘက်ကလည်း ပြည်သူတွေကို မထိခိုက်စေဖို့ ပြောင်းရွှေ့ကြဖို့လည်း တိုက်တွန်းနေတယ်။ အများစုကတော့ စစ်ရှောင်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ကျန်တဲ့ရွာတွေ ကျန်ကြသေးတယ်။ အဲဒီ ကြက်တူရွေးရွာက ပြည်သူတွေကလည်း စစ်ရှောင်နေကြတာ။ ဒါပေမဲ့လည်း ရွာထဲကို မကြာခဏ ပြန်ဝင်ကြပြီး စားနပ်ရိက္ခာ ပြန်သယ်တာတွေတော့ ရှိကြတာပေါ့” လို့ DVB ကို ပြောပါတယ်။
စဥ့်ကူးမြို့ထဲက ထုံးကြီး၊ ရွှေဂုဏ်တိုင်၊ ညောင်ပင်၊ သဲအင်းကျေးရွာတွေနဲ့ ကျွန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချ တပ်စွဲနေကြတဲ့ စစ်အာဏာရှင်လက်အောက်ခံတွေဟာ အနီးအနား ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို မကြာခဏ ပြုလုပ်နေတာလို့ သူက ဆက်ပြောပါတယ်။
စဥ့်ကူးမြို့နယ် တောင်ခြမ်းနဲ့ အနောက်တောင်ခြမ်းက ဧရာဝတီမြစ်ကမ်း အရှေ့ဘက်ဘေးမှာ ရှိကြတဲ့ ကျေးရွာတွေဟာ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားသွားလာနေတဲ့ နယ်မြေတွေဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တဲ့ နယ်မြေအဖြစ် သတ်မှတ်ထားတာကြောင့် ဒေသခံပြည်သူတွေရဲ့လုံ ခြုံရေးအတွက် ဘေးလွတ်ရာ ဒေသတွေဆီကို ယာယီပြောင်းရွှေ့နေထိုင်ကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ TRI ဗျူဟာက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (စစ်သည်တော်ကျင့်ဝတ်) နဲ့အညီ ဩဂုတ် ၁၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။











