
VOA အမှုအတွက် တရားရုံးအမိန့်ကို ရပ်ဆိုင်းဖို့ USAGM ရဲ့ အဆိုကို တရားရုံးက ပယ်ချလိုက်ပြီး တပတ်ကို ဝန်ထမ်း ၇၀ လုပ်ငန်းခွင် ပြန်ဝင်ဖို့အဆိုကိုတော့ တရားရုံးက လက်ခံ အတည်ပြုလိုက်ပါတယ်။
သမ္မတထရမ့်ပ်အစိုးရက လစာနဲ့ခွင့်ပေးထားတဲ့ ဝန်ထမ်း ၁,၀၄၂ ယောက်စလုံး မတ် ၂၃ ရက်ထက် နောက်မကျဘဲ လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်ရမယ်လို့ ဝါရှင်တန်ဒီစီ၊ ဖက်ဒရယ် တရားသူကြီး ရွိက်စ်လမ်းဘတ်(သ်)က ဒေသစံတော်ချိန် မတ် ၁၇ ရက်မှာ အမိန့်ချထားတာပါ။
အဲဒီအမိန့်ကို ရပ်ဆိုင်းဖို့ (ဒါမှမဟုတ်) ဆိုင်းငံ့ဖို့ ထရမ့်ပ်အစိုးရလက်အောက်ခံ VOA ရဲ့ မိခင်အဖွဲ့အစည်း ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ USAGM က မတ် ၁၉ ရက်မှာ အဆို ပြန်တင်ခဲ့ပါတယ်။
USAGM ဘက်ကတင်တဲ့အဆိုမှာ ဝန်ထမ်း ၁,၀၀၀ ကျော်ကိုပြန်ခန့်ဖို့နဲ့ နေရာချထားဖို့ အခြေခံ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။
ရက်ပိုင်းအတွင်းမှာ အားလုံးတပြိုင်တည်းလုပ်ငန်းခွင်ပြန်ဝင်ဖို့မဖြစ်နိုင်ဘဲ တပတ်ကို ဝန်ထမ်း ၇၀ စာအတွက် အေဂျင်စီက စီစဉ်ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။
USAGM ရဲ့ တရားရုံးအမိန့်ကို ရပ်ဆိုင်းဖို့အဆိုကိုတရားသူကြီးက ပယ်ချခဲ့ပြီး တပတ်ကို ဝန်ထမ်း ၇၀ လုပ်ငန်းခွင်ထဲ ပြန်ထည့်သွင်းဖို့အဆိုကိုတော့ လက်ခံကြောင်း တရားသူကြီးက မတ် ၂၀ ရက်ညပိုင်းမှာ အမိန့်ထုတ်ပြန်ပါတယ်။
အဲ့ဒါအပြင် ဧပြီ ၁ ရက်မှာ VOA ဝန်ထမ်းယန္တရား ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်ကို USAGM က တရားရုံးဆီ တင်သွင်းဖို့ ညွှန်ကြားချက်ထုတ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အစိုးရဘက်ကအဆိုကို လေးစားမှုနဲ့တုံ့ပြန်ထားတာဖြစ်ပြီး နောက်ပိုင်းမှာ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်တဲ့ အခြေအနေတိုးတက်မှု အသေးစိတ်ကို ၂ ပတ် တကြိမ် အစီရင်ခံစာတင်ဖို့ တရားသူကြီးက ညွှန်ကြားပါတယ်။
VOA မြန်မာပိုင်း သတင်းတင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “အေဂျင်စီက တင်ပြထားတဲ့ သူတို့ရဲ့ အခက်အခဲတွေ ဝန်ထမ်းတွေကို ပြန်ပြီးလက်ခံတဲ့နေရာမှာ သူတို့မှာ အခက်အခဲတွေရှိနေတယ်ဆိုတဲ့ အချက်တွေအရ သူတို့ပြောတဲ့အတိုင်းပဲပေါ့။ တပတ်ကို အယောက် ၇၀ နှုန်းပဲ လက်ခံလို့ရမယ် ဆိုရင်လည်း တပတ်ကို အယောက် ၇၀ နှုန်းနဲ့လက်ခံပြီးတော့ လုပ်ငန်းတွေကို ပြန်စရမယ် ဆိုပြီးတော့ သူက အမိန့်ချမှတ်ထားတယ်။ USAGM အနေနဲ့ အသံလွှင့်လုပ်ငန်းတွေအားလုံးကို ဘယ်လိုပြန်ပြီးတော့ လည်ပတ်မလဲဆိုတဲ့အစီအစဉ်ကို အဲဒါကို သူ့ကို ဧပြီ ၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ တရားရုံးကို တင်ပြရမယ်လို့လည်း အမိန့်ချလိုက်တယ်။ နောက်တခုက သူ့အမိန့်အတိုင်း USAGM ကနေ အကောင်အထည်ဖော်နေတာတွေကို နှစ်ပတ်တခါ တရားရုံးကို အစီရင်ခံတင်ပြရမယ် ဆိုပြီးတော့လည်း သူက အမိန့်ချလိုက်တယ်။ အဲဒီအမိန့်အရဆိုရင် ကျမတို့ နားလည်ထားတာက USAGM ထရမ့်ပ်အစိုးရဘက်ကနေပြီးတော့ VOA ဝန်ထမ်းတွေကို တပတ်ကို အယောက် ၇၀ နှုန်းနဲ့ သူတို့ပြောထားတဲ့အတိုင်းပေါ့နော်၊ အဲဒါကို သူတို့စပြီး ခေါ်ရတော့မယ်၊ ဒါပေမဲ့ အခုချိန်အထိတော့ ကျမတို့ ဘာမှမသိရသေးဘူး။ USAGM ကလည်း Email တွေ ဘာတွေနဲ့ ကျမတို့ကို ဘာမှအကြောင်းမကြားသေးဘူး”လို့ ပြောပါတယ်။
VOA အမှုနဲ့ပတ်သက်ပြီး အယူခံတရားရုံးကို ဆက်တက်ဖို့ကြိုးစားနေတဲ့ USAGM ဟာ ဖက်ဒရယ် တရားသူကြီးက အချိန်တိုအတွင်း ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ညွှန်ကြားချက်ကြောင့် အခက်တွေ့နေတာပါ။
အယူခံတက်ဖို့အချိန် လိုအပ်တဲ့အတွက် ဖက်ဒရယ်တရားသူကြီးရဲ့ ညွှန်ကြားချက်ကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။
VOA မြန်မာပိုင်း သတင်းတင်ဆက်သူ ဒေါ်ခင်ဖြူထွေးက “ သူတို့က အစောပိုင်းကတည်းက VOA ကို လုံးဝပိတ်ပစ်ချင်တဲ့အတွက်ကြောင့် အဆင့်ဆင့်စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်က ဖက်ဒရယ်ဥပဒေနဲ့ မညီညွတ်တဲ့အခါမှာ သူတို့အတွက် အနိုင်ရဖို့က ခက်နေတယ်၊ အခုနောက်ဆုံး တရားရုံးအမိန့်အရဆိုရင် ဝန်ထမ်းတွေကို သူတို့ ပြန်ခေါ်ကိုခေါ်ရတော့မယ်၊ ဒီအချိန်မှာလည်း သူတို့က ရသလောက် အချိန်ဆက်ယူပြီးတော့ သူတို့လုပ်ချင်တဲ့ အစီအစဉ်အတိုင်း ဆက်ပြီးတော့ လုပ်ခွင့်ရဖို့အတွက် ဆက်ပြီးတော့ကြိုးစားနေတာ ဖြစ်တယ်၊ တရားသူကြီး လန်းဘတ်သ်ရဲ့အမိန့်ကို ဆိုင်းငံ့ခိုင်းတယ် ဆိုတာကလည်း သူတို့အထက်တရားရုံးမှာ အယူခံဝင်လို့ တကယ်လို့ အယူခံကသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒါသူတို့ ဝန်ထမ်းတွေကို ပြန်ခေါ်စရာမလိုအောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်ရှိအမှုအသွားအလာအရရော တရားဥပဒေအရ ဆိုရင်လည်း သူတို့ဘက်ကနို င်စရာအကြောင်းကတော့ မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဆောင်ရွက်ချက်တွေက တရားဥပဒေနဲ့ညီတဲ့ ဆောင်ရွက်ချက်တွေ မဖြစ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာကတော့ ကျမတို့အနေနဲ့ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ကြည့်ရဦးမယ်၊ အယူခံတရားရုံးကလည်း အောက်တရားရုံး ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်ထားမယ် ဆိုရင်တော့ အစိုးရဘက်က ဝန်ထမ်းတွေကို ပြန်ခေါ်တဲ့လုပ်ငန်းစဉ်ကို အနှေးနဲ့အမြန် မဖြစ်မနေကို လုပ်ရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
USAGM ရဲ့ အကြီးအကဲဟောင်း ကယ်ရီလိခ် ဆောင်ရွက်ခဲ့တာတွေ အားလုံးဟာ ဥပဒေနဲ့မညီသလို ဥပဒေအရ အကျိုးသက်ရောက်မှုမရှိဘူးလို့ တရားသူကြီးက ဒေသစံတော်ချိန် မတ် ၇ ရက်မှာ အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမိန့်စာ ထွက်လာပြီးနောက် မတ်လ ဒုတိယအပတ်ထဲမှာ USAGM ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးတဦးဖြစ်တဲ့ ဆာရာရော်ဂျာကို သမ္မတထရမ့်ပ်က အထက်လွှတ်တော်မှာ အဆိုပြုထားပါတယ်။
ဆာရာရော်ဂျာဟာ ရှေ့နေတယောက်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့သံတမန်ရေးရာဌာန (Public Diplomacy) မှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
၂၀၂၅ မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံး ဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့တာပါ။
ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက်မှာ USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်က ထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။










