
အီရန်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ အမေရိကန် တိုက်လေယာဉ်တစင်း ဧပြီ ၃ ရက်က ပစ်ချခံရပြီးတဲ့နောက် ပျောက်ဆုံးနေတဲ့ လေယာဉ်အမှုထမ်းတယောက်ကို အမေရိကန်စစ်တပ်က စစ်ဆင်ရေးအတွင်း ကယ်တင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ကျနော်တို့က အီရန်ရဲ့ တောင်တန်းတွေကြားကနေ အပြင်းအထန် ဒဏ်ရာရပြီး အလွန်ရဲရင့်တဲ့ F-15 လေယာဉ်အမှုထမ်း အရာရှိကို ကယ်တင်နိုင်ခဲ့တယ်” လို့ တနင်္ဂနွေနေ့မှာ လူမှုမီဒီယာပေါ်ကနေ ပြောခဲ့ပါတယ်။
ရန်သူ့နယ်မြေကနေ သူ့ကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးက အလွန်ရှုပ်ထွေးခဲ့ပါတယ်။ အမေရိကန်မီဒီယာတွေကလည်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နဲ့အတူ အထူးတပ်ဖွဲ့များစွာအပြင် အမေရိကန်စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပါတဲ့ ကယ်ဆယ်ရေး အစီအစဉ်ထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ နှစ် ၂၀ ကျော်အတွင်း ရန်သူ့ပစ်ခတ်မှုကြောင့် အမေရိကန်တိုက်လေယာဉ်တစင်း ပထမဆုံးအကြိမ် ပစ်ချခံရတာလည်း ဖြစ်ပါတယ်။
F-15E Strike Eagle ပေါ်မှာ လိုက်ပါလာတဲ့ အမေရိကန် စစ်ဘက်ဝန်ထမ်း ၂ ယောက်စလုံး လေယာဉ်ကနေ ခုန်ထွက်နိုင်ခဲ့ပြီး လေယာဉ်မှူးကို အဲဒီနေ့မှာပဲ ကယ်တင်နိုင်ခဲ့ပေမဲ့ ဒုတိယလေယာဉ်အမှုထမ်းက ပျောက်နေခဲ့တာပါ။
ကယ်ဆယ်ရေးလုပ်ငန်းမှာ CIA က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်၊ တောင်ကြားအက်ကွဲကြောင်းထဲက သူ့ရဲ့ တိကျတဲ့ တည်နေရာကို ခြေရာခံပြီး ပင်တဂွန် စစ်ဌာနချုပ်ဆီ သတင်းအချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေနဲ့ စကားပြောခဲ့တဲ့ ထရမ့်ပ်အစိုးရရဲ့ အကြီးတန်းအရာရှိတယောက်က ဘီဘီစီကို ပြောခဲ့ပါတယ်။










