
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ တလိုင်းတောင်နဲ့ မင်းတုန်းမြို့နယ်၊ သဖန်ရောင်ရွာ၊ ကံကြိုးရွာနားက ပွိုင့်-၉၄၈ နားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်ရဲ့ စစ်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ အာရက္ခတပ်တော်(AA) က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါယ်။
ပွိုင့်-၉၄၈ စခန်းကုန်းနားမှာ စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်က တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်လက်နက်တွေ၊ စစ်အသုံးအဆောင်နဲ့ အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အထိနာတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
"မင်းတုန်း သဖန်ရောင်ဘက်ကနေ အမ်း တလိုင်းတောင်ဘက်ကိုမရောက်ခင် ရိုးကျော်လမ်းမှာရှိတဲ့ ကံကျိုးကို စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်း ၃ ကြောင်းခွဲပြီး တက်လာတာ။ ပထမစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေကြတာ။ အဲဒီစစ်ကြောင်း ကံကျိုးရွာကိုမရောက်ခင် AA က တိုက်လို့ အသေအပျောက် များသွားတယ်။ AA ဘက်က အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ ရလိုက်တယ်။”
စစ်အာဏာရှင်တပ်ဟာ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေက အင်အား ၁၅၀၀ လောက်နဲ့ မင်းတုန်းမြို့နယ်ကနေတဆင့် အမ်းမြို့နယ်၊ တလိုင်းတောင်ဘက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးပမ်း နေတာလို့ ဆိုပါတယ်။
“စစ်တပ်က ရခိုင်ပြည်ကိုထိုးဖောက်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ စစ်ကြောင့်ဖြန့်ပြီး ကြိုးပမ်းနေတာ။ မင်းတုန်းမြို့နယ်၊ သဖန်ရောင်နဲ့ ကံကျိုးကျေးရွာအနီးက ပွိုင့် ၉၄၈ ကုန်းအနီး ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေကြတာရှိတယ်။ စစ်တပ်ဘက်က တပ်မ ၅၅ နဲ့ ရခိုင်ကိုထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်း နေတာ။ မြေပြင်အထိနာနေတာတွေကြောင့် လေကြောင်းပစ်ကူတွေ တရစပ်ပေးပြီး တိုက်ခိုက် နေတာတွေရှိတယ်။”
လက်ရှိအချိန်ထိ ကံကျိုးနဲ့ သဖန်ရောင်ရွာဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ဒရုန်း၊ လက်နက်ကြီး၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တိမ်းရှောင်နေရတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“တိုက်ပွဲစဖြစ်ကတည်းက ပြေးနေကြပါပြီ။ အခုဆို ရိုးလမ်းကရွာတွေမှာ ဒေသခံတွေ မရှိတော့ဘူး။ နေ့တိုင်း ဒရုန်း၊ ဂျက်ဖိုက်တာနဲ့ကြဲတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ တိုက်ပွဲကတော့ ပြင်းနေတုန်းပါ”
စစ်တပ်ဘက်က နောက်ထပ်စစ်ကူတွေလည်း ထပ်ပို့နေတယ်လို့ သိရပြီး မင်းတုန်းမြို့နယ်က သဖန်ရောင်၊ ဝက်ကော်၊ ပြောင်း စတဲ့ကျေးရွာတွေမှာ စစ်သားအင်အား ၇၀၀ ကျော် ဖြန့်ကျက် နေရာ ယူထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ၂၀၂၆ ခုနှစ်၊ မေလကတည်းက မင်းတုန်းဘက်ကနေ ရခိုင်ပြည်နယ်ကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဩဂုတ်လလယ်ပိုင်းမှာတော့ သရက်ခရိုင်ကတဆင့် အင်အားထောင်နဲ့ ချီ ဖြည့်တင်း ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာပါ။
ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကျောက်ဖြူစစ်မျက်နှာ၊ စစ်တွေ စစ်မျက်နှာအပြင် ဧရာဝတီဘက်က ဂွ-ငါးသိုင်းချောင်း စစ်မျက်နှာ၊ ပဲခူးတိုင်းဘက်က ပန်းတောင်း-တောင်ကုတ်စစ်မျက်နှာ၊ မကွေးတိုင်းဘက်က မင်းတုန်း-အမ်း စစ်မျက်နှာ၊ ငဖဲ-အမ်း စစ်မျက်နှာနဲ့ ချင်းတောင်စစ်မျက်နှာ ၇ ခုအထိ ဖွင့်ပြီး ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး ထိုးစစ်ဆင်ခဲ့တဲ့ ပုဏ္ဏားကျွန်းထိုးစစ်ဟာလည်း အင်အားရာချီ သေဆုံး စစ်ဦးကျိုးပြီး ကာကင်းစခန်း ၄ ခု လက်လွှတ်လိုက်ရပြီးနောက် စစ်တွေမြို့နယ်ဘက်ကို ပြန်ဆုတ်ခဲ့ရပါတယ်။
AA ကတော့ ပုဏ္ဏားကျွန်း ခုခံစစ်ကနေ စစ်တွေထိုးစစ်အဖြစ် အသွင်းပြောင်းပြီး စစ်တွေ မြို့နယ် အစပ်မှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။











