
အမေရိကန်တပ်ဖွဲ့တွေက ဇူလိုင် ၁၂ ရက်မှာ အီရန်အပေါ် နောက်ထပ်တိုက်ခိုက်ခဲ့ပြီး နေရာအများအပြားက ပစ်မှတ်အမြောက်အမြားကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာနက ပြောပါတယ်။
အီရန် စစ်ဘက်လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ကမ်းရိုးတန်းရေဒါနေရာတွေ၊ ဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်တွေကို အမေရိကန်တိုက်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေ၊ တလမ်းသွား တိုက်ခိုက်ရေးဒရုန်းတွေ၊ လှေငယ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကွပ်ကဲရေးဌာနက ပြောပါတယ်။
ဆီရစ်နဲ့ ဘန်ဒါအာဘတ်စ် ရေလက်ကြားက စစ်ဘက်အဆောက်အအုံတွေနဲ့ အနားက ကွီရှမ်ကျွန်းတို့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ အီရန်မီဒီယာတွေက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။
သီတင်းပတ်ကုန်ရက်တွေမှာ အီရန်အပေါ် ရန်လိုတဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။
အီရန်ကလည်း တနင်္ဂနွေနေ့မှာ အရှေ့အလယ်ပိုင်း ဒေသတဝန်းက အမေရိကန် စစ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးသလို လူတွေ သေဆုံးဒဏ်ရာရတာ ရှိတယ်လို့ ပြောခဲ့ပြီး အမေရိကန်ကတော့ သတင်းတွေကို ငြင်းခဲ့ပါတယ်။
ကူဝိတ်နိုင်ငံထဲက အမေရိကန်စစ်ဘက်ပစ်မှတ်တွေကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်အပြီးမှာ အမေရိကန်စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
အီရန်တောင်ပိုင်း ပြည်နယ်တွေအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွက် လက်စားချေတဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံထဲက မင်းသား ဟတ်ဆန် လေတပ်စခန်းမှာရှိတဲ့ အမေရိကန် စခန်းတွေကို ပစ်မှတ်ထားခဲ့တယ်၊ အခြေစိုက်စခန်းရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစင်တာ၊ MQ-9 Reaper ဒရုန်းတွေအတွက် ဂိုဒေါင်တို့ကို ဖျက်ဆီးခဲ့တယ်လို့ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် အလယ်ပိုင်း စစ်တိုင်း ကွပ်ကဲရေးဌာနက ဒေသတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတဲ့ အစီရင်ခံစာ မရှိဘဲ ဝန်ထမ်းအားလုံးကို စာရင်းပြုစုထားတယ်လို့ သူ့ရဲ့ လူမှုမီဒီယာအကောင့်ကနေ ပြောရင်း သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။
Source: Reuters










