
မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကင်းပတ်နေတဲ့ စစ်အာဏာရှင် တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ပြောပါတယ်။
ရေစကြိုမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေစကြိုမြို့ပေါ်မှာ စခတွေ အင်အား ၂၀ လောက်နဲ့ အုပ်စုဖွဲ့ပြီး ကင်းပါတ်နေကြတယ်ဆိုတာ သတင်းပို့လာလို့ အဲ့ဒီနေ့ မနက်ကတည်းက ရဲဘော်တွေ သွားစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ရေစကြို တောင်ပိုင်းက ၂၀၀၀ ပြည့်ရပ်ကွက်နားမှာဖြစ်ပြီးတော့ နှစ်ဖက်ပစ်ခတ်မှုက မနက် ၈ နာရီ လောက်စပြီး နာရီဝက်လောက်ကြာခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်ကသေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ကိုဝေကြီးက “အဲ့ဒီနှစ်ဖက်ပစ်ခတ်မှုမှာ ခလရ ၂၅၆ တပ်ရင်းက တပ်ကြပ်ကြီးဇော်မင်း အပါအဝင် ၂ ယောက်သေတယ်။ ၃ ယောက်ဒဏ်ရာရသွားလို့ မြို့ထဲကို ပြန်ဝင် ပြေးသွားကြတယ်။ တိုက်ပွဲထဲမှာလည်း ကျနော်တို့ဘက်က ရဲဘော်တယောက်ကျည်ထိပြီး ပြန်ဆုတ်လာရလို့ သူတို့ဆီက ဘာလက်နက်မှ မကောက်ခဲ့ရဘူး။ ရဲဘော်ရတဲ့ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” လို့ DVB ကို ပြောပါတယ်။
ရေစကြိုမြို့ပေါ်က ပြည်သူတွေအနေနဲ့လည်း စစ်တပ်လက်အောက်ခံတွေနဲ့ အနီးကပ် နေထိုင်တာ တွေ၊ ပတ်သက်ဆက်နွှယ်တာတွေ မပြုလုပ်ကြဖို့ သူက တိုက်တွန်းပါပါတယ်။
ရေစကြို ပကဖ ရဲဘော်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် (ခ) ငလွင်နဲ့ သားဖြစ်သူ ပျူစောထီး ရဲမာန်တို့ကို သူတို့ရဲ့ နေအိမ်အတွင်း သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံပြီးထွက်ပြေးတာကြောင့် ပစ်ခတ် ဖမ်းဆီးရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။











