
ပြီးခဲ့တဲ့ မေလ ၇ ရက်နဲ့ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ လုပ်ခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံနိုင်ငံတချို့က မြန်မာစစ်ကောင်စီနဲ့ “ချင့်ချိန်တိုင်းတာပြီး ဆက်ဆံဖို့”သဘောတူတဲ့ အရိပ်အယောင်တွေ ပြသခဲ့ကြပါတယ်။ အာဏာသိမ်းပြီး ၅ နှစ်ကြာ သံတမန်ရေးရာ ကျရှုံးခဲ့ပြီးနောက် အခုလို ဖြစ်လာတာပါ။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေ တက်ခွင့်ပိတ်ခဲ့တဲ့ မူဝါဒဟာ အကြမ်းဖက်မှုတွေကို မလျှော့ချနိုင်ခဲ့သလို စစ်တပ်ကို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5PC) အကောင်အထည်ဖော်လာအောင်လည်း မလုပ်နိုင်ခဲ့ပါဘူး။
ဒီအတောအတွင်းမှာပဲ မြန်မာပြည်တွင်းက အကျပ်အတည်းတွေဟာ နယ်စပ်ကို ကျော်လွန်ပြီး ဂယက်ရိုက်လာပါတယ်။ ဒုက္ခသည်တွေ ထွက်ပြေးတာ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးတာ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်း (Scam) တွေ၊ လက်နက်မှောင်ခိုမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မတည်ငြိမ်မှုတွေ ဆိုးရွားလာပါတယ်။ ဒီဆိုးကျိုးတွေကို ထိုင်းနိုင်ငံလောက် တိုက်ရိုက်ခံစားရတဲ့ အာဆီယံနိုင်ငံ မရှိပါဘူး။
ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်းမှာ ထိုင်းအစိုးရဟာ အာဆီယံနဲ့ မြန်မာစစ်အာဏာရှင်အကြားမှာ ‘တံတား’ တစင်းလို ပိုပြီး နေရာယူလာခဲ့ပါတယ်။ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးကို ကာကွယ်ဖို့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့နဲ့ ဆိုးရွားလာတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို တုံ့ပြန်ဖို့အတွက် နေပြည်တော်နဲ့ တိုက်ရိုက် ဆက်သွယ်ပြောဆိုဖို့ လိုအပ်တယ်လို့ ထိုင်းအရာရှိတွေက အကြောင်းပြပါတယ်။ ဒီနှစ်အစောပိုင်းကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ သံတမန်ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေက တကယ့်အစစ်အမှန်တွေပါ။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က တိုက်ပွဲတွေကြောင့် ဒေသတွင်း စီးပွားရေးကို ထိခိုက်စေခဲ့သလို အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ထိုင်းအာဏာပိုင်တွေအပေါ် ဖိအားတွေ ပိုများလာစေပါတယ်။ လက်နက်ကြီးကျည် ကျတာ၊ ဗုံးကြဲတာတွေကြောင့် ထိုင်းဘက်ခြမ်းက ရွာတွေပါ ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။ ကာလရှည်ကြာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကလည်း မြန်မာပြည်တွင်းက ပဋိပက္ခဟာ မြန်မာနိုင်ငံထဲမှာတင် ပြီးမသွားဘူးဆိုတာကို မျက်မြင်သက်သေ ပြသနေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မူဝါဒရေးရာ ဆွေးနွေးပွဲတခုမှာ ထိုင်းဟောပြောသူတဦးက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းရဲ့ချဉ်းကပ်ပုံဟာ လက်တွေ ပိုကျလာတယ်၊ ပိုသတိထားလာပြီး ပိုပြီး ပင်ပန်းနွမ်းနယ်နေပြီလို့ ပြောခဲ့ပါတယ်။ ထိုင်းအစိုးရ ယန္တရားတွေဟာ ကြာရှည်နေပြီဖြစ်တဲ့ ဒီအကျပ်အတည်းကြီးကြောင့် ပင်ပန်းလာကြတယ်၊ နယ်စပ်တည်ငြိမ်ရေးနဲ့ သူတို့ပြည်တွင်းလုံခြုံရေးကိုပဲ အဓိက အာရုံစိုက်နေကြတယ်လို့ သူက ဆိုပါတယ်။
ဒီအချက်က ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာ အကျပ်ရိုက်မှုကို ကောင်းကောင်း ထင်ဟပ်နေပါတယ်။ ထိုင်းအစိုးရဟာ မြန်မာပြည်တွင်းမှာ အာဏာရှိတဲ့ ဘယ်သူနဲ့မဆို ထိတွေ့ဆက်ဆံဖို့ကို နိုင်ငံရေးအရ အသိအမှတ်ပြုတာလို့ မမြင်ဘဲ မဟာဗျူဟာအရ မလုပ်မဖြစ်လို့ လုပ်ရတာလို့ ပိုပြီး ရှုမြင်လာပါတယ်။
ဒါပေမဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံတာနဲ့ နိုင်ငံရေးအရ ပုံမှန်ဆက်ဆံရေး ပြန်လုပ်တာ ကြားမှာ အလွန်အရေးကြီးတဲ့ ကွာခြားချက် ရှိပါတယ်။ တကယ်လို့ ထိုင်းကသာ အာဆီယံကို ပုံမှန်ဆက်ဆံရေး ပြန်လုပ်တဲ့ဘက်ကိုဦးဆောင်ခေါ်သွားမယ်ဆိုရင် ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ မြန်မာ့ပဋိပက္ခကို ပိုပြီး နက်ရှိုင်းသွားစေမဲ့ အန္တရာယ် ရှိပါတယ်။ ဒါဟာ ၅ နှစ်ကြာ သံတမန်ရေး ကျရှုံးမှုတွေကနေ အာဆီယံ သင်ခန်းစာယူသင့်တဲ့ အချက်ပါ။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက အာဆီယံဟာ သက်သောင့်သက်သာမရှိတဲ့ အလယ်အလတ်လမ်းကြောင်းကို လျှောက်ခဲ့ပါတယ်။ အဆင့်မြင့် အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်ပိတ်ခဲ့ပေမဲ့ သံတမန်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ လမ်းကြောင်းတချို့ကိုတော့ အကန့်အသတ်နဲ့ ဖွင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်တွေကတော့ အလွန် စိတ်ပျက်စရာပါ။ အကြမ်းဖက်မှုတွေ ပိုဆိုးလာတယ်၊ လူသားချင်းစာနာမှု အခြေအနေတွေ ပိုယိုယွင်းလာပြီး ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း လုံးဝ လျစ်လျူရှုထားပါတယ်။ ဒီလို ကျရှုံးမှုတွေကြောင့် စစ်အာဏာရှင်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ အသံတွေ ပိုကျယ်လာတာ ဖြစ်ပါတယ်။
သူတို့ရဲ့ စဉ်းစားပုံက ရိုးရှင်းပါတယ်။ ‘ဖယ်ကြဉ်ထားတာက အလုပ်မဖြစ်ဘူး၊ ဒါကြောင့် ပိုပြီး ဆက်ဆံရမယ်’ ဆိုတာပါပဲ။ ဒါပေမဲ့ ဒီလို ဆင်ခြင်ပုံဟာ မြန်မာ့အကျပ်အတည်းရဲ့ အဓိက သဘောသဘာဝကို နားလည်မှုလွဲမှားစေမဲ့ အန္တရာယ် ရှိပါတယ်။
မြန်မာစစ်အာဏာရှင်အစိုးရ အထီးကျန်ဖြစ်နေတာဟာ အာဆီယံက သံတမန်ရေးအရ ကန့်သတ်ထားလို့ မဟုတ်ပါဘူး။ သူတို့ပြည်သူတွေကြားမှာ သူတို့ကိုယ်တိုင်က တရားဝင်မှု မရှိလို့ပါ။ နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ စစ်တပ်ရဲ့ အာဏာစက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စစ်အုပ်ချုပ်ရေးကို လုံးဝ လက်မခံတဲ့ ပြည်သူတွေက စိန်ခေါ်နေကြပါတယ်။ မြန်မာ့ပဋိပက္ခဟာ ၁၀ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အာဏာရှင်စနစ်၊ ဖယ်ကြဉ်မှုနဲ့ အကြမ်းဖက်မှုတွေကနေ အမြစ်တွယ်လာတဲ့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တရားဝင်မှု ကင်းမဲ့ခြင်း ပြဿနာကြီးအဖြစ် ပြောင်းလဲသွားပါပြီ။
အဲဒီလို ကွဲပြားချက်က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နေပြည်တော်နဲ့ ဆက်ဆံရုံသက်သက်နဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့ မရနိုင်လို့ပါ။ အာဆီယံက စစ်အာဏာရှင်နဲ့ တရားဝင် နိုင်ငံရေးဆက်ဆံမှုတွေ ပြန်စရင်တောင်မှ ပဋိပက္ခဖြစ်ရတဲ့ အဓိက အရင်းအမြစ်တွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ စစ်တပ်က ဒီမိုကရေစီ ဗဟုဝါဒကို လက်မခံတာ၊ ကာလရှည်ကြာ တိုင်းရင်းသားတွေရဲ့ နာကြည်းချက်တွေ၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အစိုးရယန္တရားတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ပြိုလဲသွားတာတွေက အဓိက ပြဿနာတွေပါ။
ဆက်ဆံရေး ပုံမှန်ပြန်လုပ်တာဟာ သံတမန်ရေးအရ တိုးတက်မှုရှိတယ်လို့ အပေါ်ယံ အထင်ရောက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အပေါ်ယံမြင်ရတာကို နိုင်ငံရေးအဖြေတခုလို့ အထင်မလွဲသင့်ပါဘူး။
ပိုပြီး အန္တရာယ်များတာက တာဝန်ခံမှုမရှိဘဲ ဆက်ဆံရေး ပုံမှန်ပြန်လုပ်တာဟာ ‘ဒေသတွင်း တည်ငြိမ်ရေး’ ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်ခွင့်ကို စတေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
အာဏာသိမ်းပြီးကတည်းက အရပ်သားတွေဟာ လေကြောင်းကနေ ဗုံးကြဲခံရတာ၊ မတရား ဖမ်းဆီးခံရတာ၊ နှိပ်စက်ခံရတာ၊ ရွာတွေ မီးရှို့ခံရတာ၊ အတင်းအကျပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာနဲ့ စီးပွားရေး ပြိုလဲတာတွေကို ခံစားနေရပါတယ်။ ဒီလအစောပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က သတိပေးချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က စာသင်ကျောင်းတွေ၊ ရွာတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေလို့ ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရနေဆဲဖြစ်ပြီး ဒါဟာ နိုင်ငံတကာ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာက ဒီမိုကရေစီနည်းကျ တရားဝင်မှုမရှိဘူး ဆိုပြီး ပယ်ချထားတဲ့ အလွန်အမင်း အားနည်းချက်တွေ ရှိနေတဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွေကတဆင့် စစ်အုပ်ချုပ်ရေးကို အမည်သစ်တပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဆွေးနွေးပွဲမစခင် တော်လှန်ရေးအဖွဲ့တွေ လက်နက်ချဖို့ တောင်းဆိုထားတဲ့ စစ်အာဏာရှင်ရဲ့ ‘ရက် ၁၀၀ ငြိမ်းချမ်းရေး အစီအစဉ်’ ဆိုတာကိုလည်း အဓိက အတိုက်အခံအဖွဲ့အစည်းတွေက ချက်ချင်းပဲ ပယ်ချခဲ့ကြပါတယ်။ ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖွဲ့ပြီးနောက်မှာ မြို့နယ်ပေါင်းများစွာကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်ခုံရုံးတွေကို အရပ်သားတွေအပေါ် အာဏာအပြည့်အဝ သုံးခွင့် ပေးလိုက်ပါတယ်။
ဒါကြောင့် ထိခိုက်ခံစားရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့ အာဆီယံရဲ့ ဆက်ဆံရေးဆိုင်ရာ ငြင်းခုံမှုတွေဟာ သံတမန်ရေးသက်သက် မဟုတ်ပါဘူး။ ဒါဟာ အာဆီယံဒေသတွင်းအနေနဲ့ တရားမျှတမှု၊ အရပ်သားတွေကို ကာကွယ်ပေးမှုနဲ့ ဒီမိုကရေစီ တရားဝင်မှုဆိုတဲ့ အခြေခံမူတွေကို ထိန်းသိမ်းဖို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာနဲ့ သက်ဆိုင်နေပါတယ်။ အချိန်မတိုင်ခင် ဆက်ဆံရေး ပုံမှန်ပြန်လုပ်လိုက်တာဟာ အလွန်အန္တရာယ်များတဲ့ သတင်းစကားတခုကို ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါကတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ အချိန်အကြာကြီးသာ ဆက်လုပ်နိုင်ရင် နောက်ဆုံးမှာ လက်ခံသွားလိမ့်မယ်ဆိုတဲ့ သတင်းစကားပါပဲ။
ဒီစိုးရိမ်မှုတွေကြောင့် အာဆီယံအဖွဲ့တွင်းမှာကိုပဲ သဘောထားကွဲလွဲမှုတွေ ဖြစ်နေပါပြီ။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က အချိန်မတိုင်ခင် ဆက်ဆံရေးပြန်လုပ်တာကို သတိပေးထားကြပါတယ်။ ခိုင်မာတဲ့ တိုးတက်မှုမရှိဘဲ ဆက်ဆံရေး ပြန်စတာဟာ အာဆီယံရဲ့ ယုံကြည်ရမှုကို အားနည်းစေပြီး သူတို့ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး မူဘောင်ကိုလည်း ထိခိုက်စေမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံရဲ့ သြဇာအကြီးဆုံး နိုင်ငံတွေထဲက တခုဖြစ်သလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလည်း ဖြစ်ပါတယ်။ ထိုင်းရဲ့ သံတမန်ရေးဟာ ဒေသတွင်းရဲ့ ရှေ့ဆက်သွားမဲ့ ချဉ်းကပ်ပုံကို မလွဲမသွေ ပုံဖော်ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒေသတွင်း သံတမန်ရေးဆိုတာ ပန်းတိုင်တခု မဖြစ်သင့်ပါဘူး။ အစိုးရတွေကြား ဆက်ဆံရေးကို စီမံခန့်ခွဲရုံတင် မကဘဲ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေအောက်မှာ အသံတိတ်ခံထားရတဲ့ ပြည်သူတွေကိုယ်စားလည်း ရပ်တည် ပြောဆိုပေးရပါမယ်။
တကယ်လို့ အာဆီယံက မြန်မာနိုင်ငံနဲ့ ပိုပြီး ထိတွေ့ဆက်ဆံဖို့ ရွေးချယ်မယ်ဆိုရင် အဲဒီလို ဆက်ဆံတာကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှင်းလင်းပြတ်သားပြီး တိုင်းတာလို့ရတဲ့ စည်းကမ်းချက်တွေနဲ့ ချိတ်ဆက်ထားရပါမယ်။ အဲဒါတွေကတော့ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ အရပ်သားတွေကို ကာကွယ်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနဲ့ အတိုက်အခံအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ယုံကြည်ရလောက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးတို့ပဲ ဖြစ်ပါတယ်။
တကယ်လို့များ ထိုင်းအစိုးရကသာ အာဆီယံကို ခိုင်မာတဲ့ စည်းကမ်းချက်တွေကို ထည့်မတွက်ဘဲ ပိုပြီးဆက်ဆံဖို့ တွန်းအားပေးခဲ့မယ်ဆိုရင် သံတမန်ရေးဆိုတာ တာဝန်ခံမှုရှိလာဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် မဟုတ်ဘဲ အာဏာရှင်စနစ်ကို အသက်ဆက်ပေးဖို့ ကိရိယာတခုအဖြစ် ပြောင်းလဲသွားမဲ့အန္တရာယ် အကြီးအကျယ် ရှိနေပါတယ်။
ယူယွန် ဝါရူနင်ဂရမ်
Ref: Bangkok Post










