
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက အရပ်သား အမျိုးသမီးတွေကိုပါ ကင်းစောင့်ခိုင်းနေပြီး ကင်းစောင့်ဖို့ ပျက်ကွက်သူတွေကို အုပ်ချုပ်ရေးမှူးက တအိမ် ငွေကျပ် ၁၅,၀၀၀ အထိ တောင်းယူနေတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာအဝင်နေရာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မတ် ၅ ရက်က စတင်ကာ ကျေးရွာအဝင် ကင်းစောင့်ဂိတ်တခုကို အမျိုးသား သို့မဟုတ် အမျိုးသမီး ၅ ယောက်က မနက် ၆ နာရီကနေ နောက်နေ့မနက် ၆ နာရီအထိ အလှည့်ကျစနစ်နဲ့ နေ့စဉ် ကင်းစောင့်ပေးနေရပြီး ကင်းစောင့်ဖို့ပျက်ကွက်တဲ့ သူတွေဆီကနေ တအိမ် ကျပ် ၁၅,၀၀၀ အထိ ဒဏ်ငွေ တောင်းယူနေတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ် နွားရေကျော်က ဒေသခံတယောက်က “ကင်းစောင့်ခိုင်းတာက အုပ်ချုပ်ရေးမှူးတွေက စောင့်ခိုင်းတာ။ ရပ်ရွာလုံခြုံရေးအတွက်လို့ ပြောတာပဲ။ တနေ့လုပ် တနေ့စားတွေမို့ ကင်းမစောင့်နိုင်ရင် အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံ ၁၅,၀၀၀ ပေးရတယ်။ မဖြစ်မနေ ပေးရတာ။ အထက်က ညွှန်ကြားချက်အတိုင်း လုပ်တာတဲ့။ ဒီ ကင်းစောင့်ရတဲ့ စနစ်ကြောင့် တရွာလုံး အရမ်းအခက်အခဲတွေ တကယ်ဖြစ်နေတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒေသခံအရပ်သားတွေက တကြိမ်ကင်းမစောင့်ရင် ကင်းကြေးငွေ ကျပ် ၁၅,၀၀၀ မပေးနိုင်တဲ့အတွက် ကိုယ်တိုင် ညကင်းစောင့်ပေးနေရပြီး အသက်အရွယ် ၅၀ ကနေ ၆၀ ကျော်အရွယ်ရှိ သက်ကြီးအမျိုးသမီးတွေပါမကျန် ၁၅,၀၀၀ မပေးနိုင်လို့ ကင်းစောင့်နေရတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ် ညောင်တုန်းစုကျေးရွာနေ အမျိုးသမီးတယာက်က “ကင်းစောင့်သူ မရှိလို့ ရွာထဲ တခုခုပြဿနာတက်လာရင် မင်းတို့တွေ လွယ်မယ်မထင်နဲ့လို့ ပြောတာ။ မစောင့်နိုင်ဘူးဆိုလည်း ပိုက်ဆံပေးရင် ရတယ်လို့ အုပ်ကြီးက ပြောတယ်။ ပိုက်ဆံလည်းမပေး၊ ကင်းလည်း မစောင့်ရင် အထက်ကိုတင်ပြပြီး ဖမ်းဆီးခိုင်းမယ်လို့ ပြောတာ။ အဖမ်းခံရမှာ ကြောက်လို့ စောင့်ကြတဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၁၀၀ ကျော်၊ ကျေးရွာခွဲ ၆၀၀ ကျော်အထိရှိကာ လတ်တလောအနေနဲ့ ကျေးရွာအုပ်စု ၇၀ နီးပါးလောက်မှာ ညကင်းစတင်စောင့်နေရပြီး ၇ ရက်တကြိမ် စစ်ကောင်စီတပ်က ကျေးရွာတွေဘက်မှာ ကင်းလှည့်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ စစ်အာဏာရှင်အစိုးရက ပြည်သူတွေရဲ့ အခက်အခဲတွေနဲ့ ပြည်သူတွေကို မြေပြင်မှာ ဖိနှိပ်အုပ်ချုပ်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အပြောင်းအလဲလုပ်မယ်လို့ မျှော်လင့်ထားကြပေမဲ့ အုပ်ချုပ်ရေးမှူးတွေက ပိုမိုဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










