မြောက်ကိုရီးယားရဲ့ ရုပ်သေးလွှတ်တော်လို့ ဆိုနိုင်တဲ့ အမြင့်ဆုံး ပြည်သူ့ညီလာခံက ကင်မ်ဂျုံအန်း ကို နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌကြီးအဖြစ် ပြန်လည်ခန့်အပ်လိုက်တယ်လို့ မတ် ၂၃ ရက်မှာ နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။
နိုင်ငံတော်ရေးရာကော်မရှင်ဟာ မြောက်ကိုရီးယားရဲ့ အမြင့်ဆုံး မူဝါဒချမှတ်ရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်း ဖြစ်ပါတယ်။
“မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သော ၁၅ ကြိမ်မြောက် ပြည်သူ့ညီလာခံကြီး၏ ပထမဆုံး နိုင်ငံတော်ရေးရာဆောင်ရွက်ချက်အဖြစ် ရဲဘော်ကင်မ်ဂျုံအန်းအား ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ရေးရာ ဥက္ကဋ္ဌကြီးအဖြစ် ပြန်လည်ရွေးချယ်လိုက်သည်” လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အမြင့်ဆုံး ပြည်သူ့ညီလာခံရဲ့ ကိုယ်စားလှယ် ၆၈၇ ယောက်ကို ရွေးချယ်ရာမှာ မဲဆန္ဒနယ်တခုကို တယောက်စီပဲ အာဏာရပါတီက ရွေးပေးထားတာဖြစ်ပြီး တခြား ရွေးစရာမရှိပါဘူး။
အဲဒီလူတွေကိုပဲ အသက် ၁၇ နှစ် ပြည့်ပြီးသူတိုင်းက ထောက်ခံ၊ ကန့်ကွက် မဲပေးရတဲ့စနစ်နဲ့ တင်မြှောက်ရတာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲပေးသူ ၉၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၉၉ ဒသမ ၉၃ ရာခိုင်နှုန်းက ထောက်ခံခဲ့ကာ ၀ ဒသမ ၀၇ ရာခိုင်နှုန်းကပဲ ကန့်ကွက်ခဲ့ကြပါတယ်။
ကင်မ်ဟာ ၁၉၄၈ ခုနှစ်မှာ အဘိုးဖြစ်သူ ကင်မ်အီဆွန်း ထူထောင်ခဲ့တဲ့ နျူလက်နက် ပိုင်ဆိုင်တဲ့ ဒီနိုင်ငံကို ၂၀၁၁ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။
ဒီနှစ်အစည်းအဝေးမှာ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ စီးပွားရေး ၅ နှစ်စီမံကိန်းကို ပြန်လည်သုံးသပ်ခဲ့သလို တောင်ကိုရီးယားကို ရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်တဲ့ အချက်ကိုလည်း အခြေခံဥပဒေမှာ တရားဝင် ထည့်သွင်းဖို့ အတည်ပြုသွားမှာပါ။
ထူးခြားချက်အနေနဲ့ ကင့်မ်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံဟာ နိုင်ငံတော်ရေးရာကော်မရှင်မှာ ထပ်မံပါဝင်မလာတော့ပါဘူး။
ဒါပေမဲ့ အရာကျသွားတာမျိုး မဟုတ်ဘဲ ကော်မရှင်မှာ မပါတော့ဘဲ အလုပ်သမားပါတီမှာ အထွေထွေရေးရာဌာန ညွှန်မှူးအဖြစ် အာဏာပိုရှိလာတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
Source: Reuters











