
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လစာကိစ္စနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေ ၅ ရက်မြောက်နေ့ထိ ရောက်လာပြီး နိုင်ငံရဲ့ အဓိကကျတဲ့ အထည်ချုပ်ကဏ္ဍမှာ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ ထိခိုက်နှောင့်နှေးနေချိန်မှာ အသစ်ဖွဲ့စည်းထားတဲ့ လုပ်ခလစာဆိုင်ရာ ဘုတ်အဖွဲ့က အထည်ချုပ်လုပ်သားတွေအတွက် ပြင်ဆင် သတ်မှတ်ထားတဲ့ လစာနှုန်းထားသစ်တခုကို ဒီဇင်ဘာလမှာ စတင် အကောင်အထည်ဖော်ဖို့ နိုဝင်ဘာ ၄ ရက်မှာ သဘောတူခဲ့ပါတယ်။
ဘုတ်အဖွဲ့အနေနဲ့ လစာတိုးမဲ့ ပမာဏ အတိုင်းအတာကို မဆွေးနွေးသေးဘဲ လစာနှုန်းထားသစ်ကို အပြီးသတ် သတ်မှတ်ဖို့ နောက်ထပ်အစည်းအဝေးတွေ ဆက်ကျင်းပသွားမယ်လို့ ဘုတ်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးအပြီးမှာ အလုပ်သမားကိုယ်စားလှယ် ဘာဘူလ် အက်ခ်တာက ပြောပါတယ်။
အလုပ်သမားတွေနဲ့ စက်ရုံပိုင်ရှင်တွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၆ ယောက်ပါတဲ့ ဘုတ်အဖွဲ့ကို အလုပ်သမားရေးရာ မငြိမ်မသက်မှုတွေ မြင့်တက်လာနေချိန် ခုအပတ်မှာ ဖွဲ့စည်းခဲ့တာပါ။
ဒီဘုတ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍက လုပ်ခလစာနှုန်းထားတွေကို ပြန်သုံးသပ် သတ်မှတ်ဖို့ တာဝန်ရှိပါတယ်။
အစားအသောက်၊ နေထိုင်မှုစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာလို့ ဝယ်ယူနိုင်စွမ်းအား ကျဆင်းလာတယ်လို့ ပြောရင်း အလုပ်သမားတွေက လစဉ် အနိမ့်ဆုံး လုပ်ခလစာကို လက်ရှိ ၁၂,၅၀၀ တာကာ ကနေ အမေရိကန်ဒေါ်လာ ၂၄၂ ဒေါ်လာနဲ့ ညီမျှတဲ့ ၃၀,၀၀၀ တာကာ အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။
ဗုဒ္ဓဟူးနေ့က ဒါကာမြို့တော်နားက အဓိက အထည်ချုပ်ထုတ်လုပ်မှု ဗဟိုချက်တွေဖြစ်တဲ့ ဆာဗာနဲ့ ဂါဇီပူရ်မြို့တွေမှာ အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက လမ်းမကြီးတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ဆို့ထားခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေကို သုံးခဲ့ကြပါတယ်။
မငြိမ်မသက်မှုတွေ ထပ်ဖြစ်လာမှာစိုးလို့ စက်ရုံအများအပြားလည်း လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။
ဒီအခြေအနေကြောင့် တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်ပစ္စည်း တင်ပို့တဲ့နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကုန်ပစ္စည်းတင်ပို့မှုတွေ ကြန့်ကြာလာမှာကို စိုးရိမ်တာတွေ မြင့်တက်လာနေပါတယ်။
ဒီကဏ္ဍမှာ အလုပ်သမား ၄ သန်းလောက် လုပ်ကိုင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပို့ကုန်ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်ကို ရှာဖွေပေးနေသလို H&M၊ Inditex (Zara) နဲ့ Walmart တို့လို ကမ္ဘာကျော် အမှတ်တံဆိပ်တွေ အတွက်လည်း ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေပါတယ်။
Source: Reuters











