
ငွေကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ AA နဲ့ပတ်သက်တယ်လို့ စစ်အာဏာရှင်က ထုတ်ပြန်တာဟာ စစ်ရေးအရ ရှုံးနိမ့်လာချိန်မှာ တဘက်အဖွဲ့အစည်းကို သိက္ခာချဖို့ ကြိုးပမ်းတာပဲဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က ဩဂုတ် ၂၁ ရက်မှာ တုံ့ပြန်ပါတယ်။
မကွေးတိုင်း၊ မင်းလှမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ဩဂုတ် ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း စိတ်ကြွဆေးပြား ၂၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးတွေကို မင်းတုန်းမြို့နယ်ကနေတဆင့် ရခိုင်ပြည်နယ်သို့ AA ရဲ့ စီးပွားရေး တာဝန်ခံတွေဖြစ်တဲ့ ဦးထွန်းကျော် နဲ့ ဦးဘညွန့်တို့က သယ်ယူကြမှာဖြစ်တယ်လို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC) က ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားတာပါ။
မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်နဲ့ ဆက်စပ်မှုတခုမှမရှိဘူးလို့ AA ပြန်ကြားရေး မီဒီယာ ဖြစ်တဲ့ အာရက္ခမင်းသမီးကတဆင့် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
“ဒီဟာက အခြေအမြစ်မရှိ ယုတ္တိမရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်။ ကျနော်တို့နဲ့ ဆက်စပ် ပတ်သက်မှု မရှိပါဘူး။ အကြမ်းဖက်စစ်ကော်မရှင်ဟာ စစ်ရေး၊ နိုင်ငံရေး ကျရှုံးမှုတွေနဲ့ များလာတဲ့ အခါတိုင်း တဘက်အဖွဲ့အစည်းကို သိက္ခာချဖို့ သူတို့မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီး အခုလို လုပ်ကြံစွပ်စွဲချက်တွေနဲ့ ယုတ်ညံ့အောက်တန်းကျစွာ တိုက်ခိုက်လေ့ရှိတယ်။ ဒီဟာက စစ်ကောင်စီရဲ့ အဆက်ဆက်ကျင့်သုံးလာတဲ့ မရိုးနိုင်တဲ့ လုပ်ကြံဝါဒဖြန့် ဗျူဟာတခုဖြစ်တယ်” လို့ပြောပါတယ်။
ထုတ်ပြန်ချက်မှာပါတဲ့ AA စီးပွားရေးတာဝန်ခံ ထွန်းကျော်နဲ့ ဘညွန့်ဆိုတဲ့ နာမည်တွေဟာလည်း AA အဖွဲ့ထဲမှာ မရှိသလို စစ်အာဏာရှင်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေရဲ့ အမည်တွေနဲ့ တူတဲ့ အတွက် သူတို့လူတွေသာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ ကျားဖြန့်အပါဝင် မကောင်းတဲ့ ဒုစရိုက်လုပ်ငန်းတွေ အားလုံးရဲ့ ဂိုဏ်ချုပ်တွေနဲ့ ကြိုးကိုင်သူတွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ချုပ်တွေပဲ ဖြစ်တယ်လို့ ဦးခိုင်သုခက ဆက်ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့အကြား ရခိုင်ပြည်နယ်က ကျောက်ဖြူစစ်မျက်နှာ၊ စစ်တွေ စစ်မျက်နှာအပြင် ဧရာဝတီစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ၊ မကွေးစစ်မျက်နှာနဲ့ ချင်းပြည်နယ် စစ်မျက်နှာတို့မှာ ထိတွေတိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပြီး စစ်အာဏာရှင်ဘက်က စစ်ရေးအရ အထိနာနေတာလည်း ဖြစ်ပါတယ်။











