
ယူကရိန်းမှာ ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယားစစ်သား ၂ ယောက်ကို လွှဲပြောင်းပေးတဲ့ သတင်း နဲ့ပတ်သက်ပြီး လျှို့ဝှက်သဘောတူညီချက်ထားဖို့ ဆိုးလ်က ပြောဆိုခဲ့တာကို ယူကရိန်းက အလေးမထားဘဲ ထုတ်ဖော်ဖွင့်ချလိုက်တဲ့ လုပ်ဆောင်ချက်အပေါ် အမည်မဖော်လိုတဲ့ အရေးယူမှု တွေ လုပ်ဆောင်မယ်လို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က အောက်တိုဘာ ၂ ရက်က တင်းတင်းမာမာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းဘက်က အဲဒီလို သဘောတူညီချက်မရှိခဲ့ဖူးလို့ ငြင်းဆိုကာ နိုင်ငံခေါင်းဆောင်ကို လိမ်ညာသူ တယောက်လို ပုံဖော်ခဲ့တာကြောင့် အမှန်တရားကို ဝန်ခံပြီး လူသိရှင်ကြား တောင်းပန်ဖို့ လည်းသူက တောင်းဆိုခဲ့ပါတယ်။
အီဂျယ်မြောင်က "အဲဒီလိုမှ မဟုတ်ဘဲ အမှန်တရားကို ဝန်ခံဖို့ ငြင်းဆန်ပြီး လူသိရှင်ကြား တောင်းပန်ဖို့ ဆက်ပြီးပျက်ကွက်နေမယ်ဆိုရင်တော့ ဒါဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင် နေတဲ့အတွက် လျစ်လျူရှုထားလို့ မရဘဲ ကျနော်တို့ဘက်က နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်သွားမှာပါ" လို့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာတော့မယ်လို့ ယူကရိန်းဘက်က ပြောဆိုခဲ့တာဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲ ဖြစ်ပွားစေ လိုတဲ့ ဆန္ဒရှိနေသလို ဖြစ်နေတဲ့အတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိတယ်လို့လည်း သူက ထုတ်ဖော်ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ပြီးခဲ့တဲ့လ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရုရှားဘက်ကနေ ဝင်တိုက်ရင်း ဖမ်းမိထားတဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်း ၂ ယောက်ကို တောင်ကိုရီးယားဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း ဆိုးလ်နဲ့ ကိယက်ဗ်တို့ဟာ သံတမန်ရေးရာ အငြင်းပွားမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Source:Reuters










