ဂျာမန် နိုင်ငံခြားထောက်လှမ်းရေး အကြီးအကဲဟောင်း ဩဂတ်စ်ဟန်နင်းကို လျှို့ဝှက်စာရွက်စာတမ်းတွေ ဝင်ကြည့်ဖို့ ငွေပေးချေပြီး နိုင်ငံခြားထောက်လှမ်းရေးဌာနအတွက် ခွဲခြမ်းစိတ်ဖြာမှုတရပ် ပြင်ဆင်ဖို့ သုံးခဲ့တယ်ဆိုတဲ့ သံသယနဲ့ အောက်တိုဘာ ၆ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဖယ်ဒရယ် ရှေ့နေတွေက ပြောပါတယ်။
ရှေ့နေတွေက နိုင်ငံခြားထောက်လှမ်းရေးဌာနကို မဖော်ထုတ်နိုင်ခဲ့ဘဲ ခွဲခြမ်းစိတ်ဖြာမှုဟာ ရည်ရွယ်ထားတဲ့ လက်ခံသူဆီ ရောက်၊ မရောက်ကိုလည်း ချက်ချင်းမသိရသေးပါဘူး။
၂၀၀၅ ခုက BND ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲအဖြစ် သူ့သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ၅ နှစ်အကြာမှာ ဟန်နင်းက BND ရုံးမန်နေဂျာဟောင်းတယောက်နဲ့ ငွေပေးချေမှုအတွက် လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်တွေကို ရယူဖို့ သဘောတူခဲ့တယ်လို့ ရှေ့နေတွေက စွပ်စွဲထားပါတယ်။
ကိုယ်ရေးကိုယ်တာ စည်းမျဉ်းတွေနဲ့အညီ မန်းဖရဒ် D. အဖြစ် ဖော်ထုတ်ထားတဲ့ ရုံးမန်နေဂျာကိုလည်း အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ရုံးမန်နေဂျာဟာ BND ရဲ့ အတွင်းစည်းထဲအတွက်သာ သုံးဖို့ ရည်ရွယ်ထားတဲ့ လျှို့ဝှက်ပစ္စည်းတွေနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အကြီးတန်းအဆင့် ထောက်လှမ်းရေးဆိုင်ရာ ရှင်းလင်းပွဲတွေ အပါအဝင် နှစ်ပေါင်းများစွာအတွင်း စာရွက်စာတမ်း ၂,၀၀၀ လောက် ထောက်ပံ့ပေးခဲ့တယ်လို့ သံသယရှိတဲ့အကြောင်း ရှေ့နေတွေက ပြောခဲ့ပါတယ်။
ဟန်နင်းဟာ နိုင်ငံခြားထောက်လှမ်းရေးဌာနက အရာရှိတယောက်အတွက် ခွဲခြမ်းစိတ်ဖြာမှုတခု ပြင်ဆင်ဖို့ မန်နေဂျာကပေးတဲ့ လျှို့ဝှက်အချက်အလက်တွေကို သုံးခဲ့ပြီး တခြား နိုင်ငံခြား ထောက်လှမ်းရေးဌာနက ကိုယ်စားလှယ်တယောက်နဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို နှစ်ပေါင်းများစွာ မျှဝေခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
SZ သတင်းစာက ရထားတဲ့ အချက်အလက်တွေအရ ဒီအမှုမှာ ရုရှားက ပါဝင်ပတ်သက်မှု မရှိပါဘူး။ BND က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး အစိုးရရှေ့နေတွေဆီ ရည်ညွှန်းခဲ့ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးရုံးကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ရဲတွေက အင်္ဂါနေ့မှာ ဘာဗေးရီးယား၊ မြောက်ရိုင်း-ဝက်စ်ဖာလီယာနဲ့ ဘာလင်မြို့တွေမှာ ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး သံသယရှိသူ ၂ ယောက်လုံးကို ပြည်ထောင်စုတရားရုံးက တရားသူကြီးတယောက် ရှေ့မှောက်မှာ ရုံးထုတ်ဖို့ စီစဉ်ထားတယ်လို့ အစိုးရရှေ့နေတွေက ထပ်လောင်း ပြောခဲ့ပါတယ်။
Source: Reuters











