
ငဝန်မြစ်ရေကို ကာထားတဲ့ တာကျိုးတဲ့အတွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နဲ့ အနီးဝန်းကျင်က မြို့တွေပါ ရေနစ်မြုပ်ခဲ့တဲ့အတွက် အမျိုးသမီးကြီးတယောက် သေဆုံးခဲ့ပြီး ရေဘေးသင့် ပြည်သူတွေ စားသောက်နေ ထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ညပိုင်းက လေးမျက်နှာမြို့နယ်မှာ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်မြစ်ရေကို ကာထားတဲ့ တာဟာ အလျားပေ ၅၀ လောက်ကြိုးပေါက်သွားရာကစပြီး လေးမျက်နှာမြို့နယ်နဲ့ အနီးဝန်းကျင်မြို့တွေ ရေဘေးသင့်ခဲ့တာ ၅ ရက်မြောက်ရှိလာပါပြီ။
လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၄ ရွာကို ရေနစ်မြုပ်ခဲ့ပြီး ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ရေဘေးသင့်ခဲ့ပါတယ်။
ရေတွေ ရုတ်တရက် တက်လာတာကြောင့် လေးမျက်နှာမြို့နယ် အမှတ် ၃ ရပ်ကွက်က အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတယောက်လည်း ရေနစ်မြုပ် သေဆုံးခဲ့ပြီး ပျက်စီးနေတဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားတွေက ဩဂုတ် ၃ ရက်မှာ တွေ့ခဲ့ပါတယ်။
ငဝန်မြစ်ရေ ဆက်တိုက်တက်နေပြီး ဩဂုတ် ၃ ရက်မနက်ပိုင်းမှာတော့ လေးမျက်နှာမြို့နဲ့ အိုင်သပြုကို ဆက်သွယ်ထားတဲ့ ကရင်လက်သမားတံတား ကျိုးကျသွားခဲ့ပါတယ်။
တံတားကျိုးကျသွားပြီးနောက်ပိုင်း လေးမျက်နှာမြို့ထဲမှာ ရေငြိမ်နေပေမဲ့ ဩဂုတ် ၄ ရက် မနက်မှာ အိုင်သပြုလမ်းမကြီးတလျှောက်ကို ရေဆက်တက်နေလို့ လမ်းတလျှောက်က ကျေးရွာတွေပါ ရေနစ်မြုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ် လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကတော့ တာကျိုးပေါက်သွားတဲ့ နေရာတွေကို တာခြေထောက်တာ၊ ကမ်းထိန်းအိတ်တွေ ချတာနဲ့ မျောတုတ်တန်းကာပြီး သဲအိတ်ဖြည့်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ အဆင်မပြေသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တကယ်တော့ တာကျိုးပေါက်သွားတဲ့နေရာကို ယာယီသဘော ကာလို့မဖြစ်နိုင်ဘဲ တံတိုင်းတွေ အခိုင်အမာ တည်ဆောက်မှသာ ရေစီးတာကို ကာကွယ်နိုင်မှာလို့ ကယ်ဆယ်ရေးသမားတယောက်က ပြောပါတယ်။
“တာကျိုးတာကို ပိုပြီးကျယ်လာတော့ ရေက ဆက်တက်လာတာပေါ့၊ အဲဒီတာကြီး ပိတ်ဖို့အတွက်ကလည်း အခု သဲအိတ်တွေနဲ့ ကာနေတာက အဆင်မပြေဘူး၊ ဝါးကပ်လေးတွေ ဝါးတွေနဲ့ လုပ်နေတော့ ရေစီးအားက ပိုများလာတော့ အဲဒါတွေက ပြန်ပြန်ပျက်သွားတာပေါ့။ အဲဒီဆည်ကြီး ပိတ်လိုက်မှာပဲ ရေစီးက ရပ်သွားမှာဗျ၊ အဲဒါကြီး မပိတ်မချင်း မရပ်ဘူး၊ အခုက ရေစီးကို စမ်းသလိုဖြစ်နေတာ၊ သေချာလမ်းတံတားဆောက်တဲ့ပုံစံ သံမဏိတွေနဲ့ အခိုင်အမာလုပ်မှပဲ အဆင်ပြေမှာ၊ ဝါဆို ဝါခေါင်ပြီးမှပဲ ပိတ်လို့ရမယ်။”
လက်ရှိ လေးမျက်နှာမြို့နယ်ထဲမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုကျော်နဲ့ အမြင့်ပိုင်းကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးသင့်ပြည်သူသောင်းချီ ခိုလှုံနေကြရပါတယ်။
ရေကြီးနေတာကြောင့် မြို့ပေါ်က စာသင်ကျောင်း၊ ဈေးနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေလည်း ပိတ်ထားရပါတယ်။ ကျေးရွာတွေဘက်က ရေဝင်ရောက်တဲ့နေရာတွေမှာ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် စက်လှေတွေ လိုအပ်နေပါတယ်။
လေးမျက်နှာမြို့နယ်ကို နိုင်ငံအနှံ့က ကယ်ဆယ်ရေးအဖွဲ့တွေရောက် ရှိနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေတော့ အချိန်မီလုပ်ဆောင်နိုင်နေတယ်လို့ ဆိုပေမဲ့ စက်လှေ မလုံလောက်ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“မိုးကတော့ ဒီနေ့ ပါးတယ်၊ သိပ်မရွာဘူး၊ မနေ့ကတော့ ရွာတယ်၊ ကယ်ဆယ်ရေးကတော့ အိုင်သပြုကို အကုန်ရောက်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း တနိုင်ငံလုံးက ဆင်းလာတာ ဆိုတော့၊ ကယ်ဆယ်ရေးကတော့ ရှိတယ်။ အလှူသွားမဲ့ လူတွေကျတော့ စက်လှေ မလောက်တာတွေ ဘာတွေ ရှိတယ်လေ၊ စက်လှေအသေးတွေက ပစ္စည်းတင်ဖို့ အခက်အခဲတွေ ရှိတယ်၊ စက်လှေအကြီးတွေက တော်တော်ကို ရှားနေတယ်။ ကျနော်တို့ကတော့ ဟင်္သာတဘက်ကို ပြောင်းနေတယ်၊ တခါတလေ မြို့ထဲက အိမ်ကို ပြန်ကြည့်တယ်၊ အခြေအနေကတော့ အပေါ်ထပ် မြုပ်နေတယ်၊ လူတရပ်ကျော်ပေါ့။”
ရေဘေးသင့်ပြည်သူတွေကတော့ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အဝတ်အထည် ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
တာကျိုးမှုကြောင့် လေးမျက်နှာမြို့နယ်ရဲ့ အရှေ့ဘက်က ဟင်္သာတမြို့နယ်နဲ့ လေးမျက်နှာမြို့နယ် အောက်ပိုင်းက ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တွေက ကျေးရွာတချို့ကိုလည်း ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရထားလမ်းတွေလည်း ရစ်နစ်မြုပ်နေတာကြောင့် ဟင်္သာတ-ကြံခင်း-ပုသိမ် ရထားခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။










