DVB Logo
Home
Lead Story
မြန်မာစစ်အာဏာရှင်နှင့် မလေးရှားဝန်ကြီးချုပ် တွေ့ဆုံ၊ ဖမ်းဆီးခံရသူများ နေရပ်ပြန်ပို့ရေး ဆွေးနွေး 
DVB
·
October 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က  အောက်တိုဘာ ၈ ရက် ဒီနေ့မနက်မှာ တွေ့ဆုံခဲ့ပြီး မလေးရှားမှာ ဖမ်ဆီးခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေးကိစ္စတွေ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

Media

မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ အောက်တိုဘာ ၇ ရက် မနေ့က စတင်ပြီး မလေးရှားမှာ  ၂ ရက်ကြာ တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ဒီနေ့မနက်က  မလေးရှားအစိုးရရုံးမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ဧည်ခံကြိုဆိုခဲ့ပြီး နှစ်နိုင်ငံရဲ့ နိုင်ငံတော်သီချင်းတွေ တီးမှုတ်ခဲ့ကြကာ မင်းအောင်လှိုင်ဟာ မလေးရှားဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပါတယ်။

Media

အဆိုပါ အခမ်းအနားကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်၊ ပြည်ထဲရေးဝန်ကြီး ဆာအီဖူဒင်း နာဆူတီယွန်အစ်စမေးလ်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အစိုးရ အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားအပြီးမှာ မင်းအောင်လှိုင်က ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီးချုပ် အန်ဝါနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကာ နှစ်နိုင်ငံ အဆင့်မြင့်ဝန်ကြီးတွေ ပါဝင်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပခဲ့ပါတယ်။

Media

တွေ့ဆုံပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်အာဏာရှင် မင်းအောင်လှိုင်က နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ ဆိုင်ဘာရာဇဝတ်မှု၊ လူကုန်ကူးမှုနှိမ်နင်းရေးကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးနဲ့ အခြေခံအဆောက်အဦကဏ္ဍမှာ မလေးရှားနိုင်ငံရဲ့ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း၊ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ကြဖို့ ဖိတ်ခါ်ကြောင်း၊ ဆီအုန်းနဲ့ ရာဘာ၊ စားသောက်ကုန် ထုတ်လုပ်တဲ့ နည်းပညာတွေ၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ သံတမန်ဆက်ဆံရေး၊ လေကြောင်းလိုင်း တိုးမြှင့်ပျံသန်းရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား အလုပ်သမားအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။

“နှစ်နိုင်ငံအကြားမှာ အလွန်အရေးပါတဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနဲ့  အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေလည်း ကျနော်တို့ အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်‌ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပါကြောင်းနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်၊ လုံခြုံရေး၊ ရသင့်ရအပ်တဲ့ အခွင့်အရေးနဲ့ အကာအကွယ်များရရှိဖို့ လူမှုဖူလုံရေးနဲ့ အစောင့်အရှောက်တွေ ပိုမိုကောင်းမွန်လာစေဖို့ အတွက်လည်း မလေးရှားအစိုးရနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့  သဘောတူညီခဲ့ပါတယ်။”

မြန်မာအလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေ မလေးရှားကို စနစ်တကျ သွားရောက် လုပ်ကိုင်နိုင်ဖို့၊ ခေါင်းပုံဖြတ်ခံရမှုကနေ ကာကွယ်နိုင်ဖို့၊ ဗီဇာနဲ့ Work permit ဆိုင်ရာကိစ္စတွေ ချောမွေ့စေဖို့၊ နှစ်နိုင်ငံ အလုပ်သမားဆိုင်ရာသဘောတူညီချက် (MOU) တွေ ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပါတယ်။

Media

ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း မင်းအောင်လှိုင်က“မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားစိစစ်ပြီးတော့ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုထားတဲ့သူတွေကို ပြန်လည်ခေါ်ဆောင်ဖို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း စိစစ်ပြီးတဲ့သူတွေကို အမြန်ဆုံးခေါ်နိုင်ဖို့ ကျနော် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောလိုပါတယ်။ ဒီအချိန်ဟာ ရာသီဥတု ကောင်းမွန်တဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့် ကျနော် တပ်မတော်ရေက သင်္ဘာတွေ စေလွှတ်ပြီးတော့မှ အမြန်ဆုံး စေလွှတ်ပြီး ပြန်လည်ခေါ်ယူသွားမှာဖြစ်ကြောင်းလည်း ပြောလိုပါတယ်။ မလေးရှားအစိုးရ အနေနဲ့လည်း ဒါကို ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ ကတော့ မြန်မာနိုင်ငံသားတွေကို လေယာဉ်တွေ၊ ရေတပ်သင်္ဘာတွေနဲ့ ပြန်လည်ခေါ်ယူခဲ့တာကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကျေးဇူးတင်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာသမ္မတရဲ့ ဒီအလည်အပတ်ခရီးစဉ်ဟာ ကျနော်တို့အတွက်၊ နှစ်နိုင်ငံအတွက်၊ ဒေသအတွက် အရမ်းကို အရေးကြီးပါတယ်။ ဒီခရီးစဉ်ကို လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

အခုနှစ် အစောပိုင်းက ဘန်ကောက်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့မှုရဲ့ နောက်ဆက်တွဲကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲအပြီးမှာ မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

မိနစ် ၃၀ ကြာ ဆွေးနွေးပွဲအတွင်း မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် ပြဿနာကို ဖြေရှင်းရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ လူမျိုးနွယ်စု မခွဲခြားဘဲ သဘောဆန္ဒအလျောက် ဘေးကင်း ဂုဏ်သိက္ခာရှိစွာ ပြန်လည်ထွက်ခွာရေးတို့နဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်ပြဿနာအတွက် ပိုမိုဘက်စုံလွှမ်းခြုံနိုင်တဲ့ ဖြေရှင်းချက်ရရှိဖို့ မင်းအောင်လှိုင်နဲ့ တိုက်ရိုက် ထိတွေ့ဆွေးနွေးမှုလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ စကားပြောဆိုဆွေးနွေးမှုကို ကန့်သတ်ထားတဲ့ ချဉ်းကပ်မှုတွေဟာ ဘာရလဒ်မျှ ထွက်ပေါ်မလာခဲ့ပါ။ တခြားတဖက်မှာ ဒုက္ခသည်ပြဿနာဟာ ဆယ်စုနှစ်များစွာအတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး မလေးရှားပြည်သူတွေ အကြား စိုးရိမ်ပူပန်မှု ပိုမိုကြီးထွားလာစေခဲ့တယ်လို့ အန်ဝါက ပြောပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၂၆ ခုနှစ် မေလက ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဆုံးဖြစ်ချက်အတိုင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားနိုင်ဖို့ ဝန်ကြီးချုပ်အတွက် အခွင့်အလမ်းတရပ် ဖြစ်စေတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်၊ မလေးရှားနိုင်ငံဟာ မိတ်ဖက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ကူညီပေးသွားမယ်၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး တို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ကို  မြန်မာနိုင်ငံကို လာရောက်ဖို့လည်း မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်က ဖိတ်ကြားသွားပါတယ်။

မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်နဲ့ ပတ်သက်လို့  အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ကန့်ကွက်ရှုတ်ချထားတဲ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အလုပ်မဆင်းကြဘဲ အာဏာရှင် မင်းအောင်လှိုင်ကို သပိတ်မှောက် ဆန္ဒပြကြဖို့ နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို  မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် အနေနဲ့ ဖိအားပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကလည်း တောင်းဆိုထားပါတယ်။

Source: Bernama

Photo: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013