DVB Logo
Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
လုပ်သားနှင့် ကျွမ်းကျင်မှုများ ပြည်ပကို ထွက်ကုန်သဖြင့် ရေရှည်တွင် ထိခိုက်နိုင်  
မောရစ်
·
July 8, 2026
Photo: DVB
Photo: DVB
Donate to DVB

ကုန်ထုတ်လုပ်နိုင်စွမ်းရှိတဲ့ မြန်မာလူငယ်လူရွယ်တွေနဲ့ ကျွမ်းကျင်မှုတွေ ပြည်ပကို ထွက်ခွာကုန်တာကြောင့် လုပ်သားရှားပါးမှုနဲ့ ဦးနှောက်ယိုစီးမှု ဖြစ်နိုင်ပြီး ရေရှည်မှာ ပြည်တွင်းစက်မှုလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ ခက်ခဲသွားစေမယ်လို့  မြန်မာ့နိုင်ငံရေး လေ့လာသူက ပြောပါတယ်။ 

ဒါအပြင် အရွယ်ရောက်ပြီးလူငယ်တွေ ပြင်ပနိုင်ငံတွေကို အလုံးအရင်းနဲ့ ထွက်ခွာနေကြတာကြောင့် ပြည်တွင်းမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ရစ်မဲ့ သက်ကြီးဦးရေများပြားလာမှု (Aging Population) ဆိုးကျိုးကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ထောက်ပြပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “ဒီလိုမျိုး လူငယ်တွေ ထွက်ခွာခြင်းအားဖြင့် ပြည်တွင်းမှာ ဒီကုန်ထုတ်စွမ်းအား ပြန်တက်လာဖို့အတွက် လူရှားပါးတဲ့ဟာမျိုးကို ကျနော်တို့ ဆက်ပြီး တွေ့ရနိုင်တယ်။ အဲဒီလိုမျိုး လူတွေရှားပါးတဲ့ အတွက်ကြောင့်မို့လို့ ဒီပြည်တွင်း နိုင်ငံသားပိုင် ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြန်ပြီး ဦးမော့လာနိုင်ဖို့ဆိုတဲ့ဟာ ကျနော်တို့ ပိုပြီးတော့ ခက်ခဲလာနိုင်တယ်။ ပြည်တွင်းမှာ စီးပွားရေး လည်ပတ်ဖို့၊ ပြီးရင် စီးပွားရေး ပြန်လည်ထူထောင်ဖို့ ဆိုတဲ့ဟာ ပိုပြီးတော့ ခက်ခဲလာနိုင်တယ်။ ကျနော်တို့ အစီအမံတွေ မလုပ်နိုင်ဘူးဆိုရင် ဒါ ရေရှည်အကျိုးခံစားရမဲ့ (ဆိုးကျိုး) အဖြစ် ကျနော်တို့ မြင်လို့ရပါတယ်ခင်ဗျာ” လို့ ပြောပါတယ်။

ဒါဟာ ပဋိပက္ခအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပါ တုံ့ဆိုင်းနှေးကွေးသွားစေပြီး အပြင်ထွက်ဖို့ပဲ ဆက်တိုက်တွန်းအားပေးနေမဲ့ သံသရာလည်တဲ့ စက်ဝန်း (Vicious Cycle) ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ပထမ ၄ လတာ ကာလအတွင်းမှာတင် မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက် ၇ သိန်းနီးပါးအထိ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) က ထုတ်ပြန်ထားပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပထမ ၄ လတာကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊ ကော့သောင်း၊ ဘုရားသုံးဆူနဲ့ တာချီလိတ် စတဲ့ နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ဝင်ရောက်လာခဲ့ကြောင်း IOM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

IOM က ထိုင်းနိုင်ငံကို ရောက်လာသူ ၃,၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းရာမှာ ၄၁ ရာခိုင်နှုန်းဟာ ခိုင်လုံတဲ့ အထောက်အထား စာရွက်စာတမ်း မရှိကြသူတွေဖြစ်ပြီး အဓိကအားဖြင့် အလုပ်အကိုင် ရှာဖွေဖို့နဲ့ စစ်ပွဲတွေကနေ တိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။

ပြည်တွင်းမှာ အဲဒီလို အခက်အခဲတွေ ကြုံနေရလို့ ထိုင်းကို ရွှေ့ပြောင်းလာခဲ့ကြပေမဲ့ ထိုင်းရောက်လာချိန်မှာလည်း တရားဝင်နေထိုင်ခွင့်ရရေး၊ အလုပ်အကိုင်ရရေး စတာတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ DVB က မေးမြန်းခဲ့တဲ့ ထိုင်းရောက် မြန်မာလူငယ်တယောက်က ပြောပါတယ်။

“ပြည်တွင်းမှာ အခက်အခဲမျိုးစုံကြောင့်ပေါ့ စားဝတ်နေရေးကော အလုပ်အကိုင်တွေကောပဲ ပေါ်တာဆွဲခံရမှာ ကြောက်တာကော အခု ဒီရောက်တော့လည်း ပန်းရောင်ကတ် မရသေးတော့ အလုပ်တွေက မခန့်ဘူး။ ဒီမှာလည်း အစစ်အဆေးတွေက အရမ်းကျပ်နေတယ်။ ဘာပဲဆက်ဖြစ်ဖြစ် ပြန်ဖို့တော့ မစဥ်းစားသေးဘူး။ အိမ်ကိုလည်း ပြန်ကြည့်ရမဲ့အပိုင်းတွေ ရှိနေတော့ ရတဲ့အလုပ်ကြမ်းကိုပဲ သတိထားပြီး လုပ်နေရတာပေါ့။”

မြန်မာလူငယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်ခွာရတဲ့ ပထမအချက်ကတော့ စစ်အာဏာရှင်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပါတယ်။

စစ်အာဏာရှင်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစလို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်တွေကို အရှိန်အဟုန်မြှင့် ခေါ်ယူခဲ့ရာ လက်ရှိမှာ အပတ်စဉ် ၂၆ ခုအထိ ရှိလာပြီလို့ မြေပြင်စောင့်ကြည့်မှုများအရ သိရပါတယ်။

တပတ်စဉ်ကို လူ ၅,၀၀၀ နှုန်းနဲ့တွက်ရင် စစ်တပ်ထဲကို အဓမ္မခေါ်ယူခံရတဲ့ လူငယ်ဦးရေဟာ အနည်းဆုံး ၁ သိန်းကနေ ၁ သိန်း ၃ သောင်းဝန်းကျင်အထိ ရှိနေနိုင်ပါတယ်။ ဒီလိုအန္တရာယ်ကြောင့် လူငယ်အများအပြားဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေကြရတာပါ။

ဒုတိယအချက်ကတော့ မြန်မာနိုင်ငံရဲ့ ပြိုလဲသွားတဲ့ စီးပွားရေးစနစ် ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ လာမဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ ၂ ရာခိုင်နှုန်းသာ တိုးတက်နိုင်တော့မှာဖြစ်ပြီး လုပ်ငန်းတွေဟာ ရှင်သန်ရပ်တည်ရေးအတွက်ပဲ ရုန်းကန်နေရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အမျိုးသမီး ၁၀ ယောက်မှာ ၄ ယောက်ဟာ လစဉ်ဝင်ငွေမရှိတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးထားပြီး ပြည်တွင်းက ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေက မိသားစုအလိုက် ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းဖို့ တွန်းအားပေးနေပါတယ်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း (GPI) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် အဆင့် ၁၅၁ မှာ ရှိနေပြီး အာရှ-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

မြေပြင်မှာ စစ်ရေးပဋိပက္ခတွေကြောင့် လူပေါင်း ၉ သောင်းနီးပါး သေဆုံးခဲ့ပြီး လူဦးရေ ၃ သန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ GPI စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာပြည်သူတွေဟာ ဘေးကင်းလုံခြုံရေးနဲ့ ဝမ်းရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် ဝင်ရောက်နေကြဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013