DVB Logo
Home
မြန်မာသတင်း
ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရေး ယူနက်စကို အကြီးအကဲ အားပေးထောက်ခံ
DVB
·
September 20, 2016
ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရေး ယူနက်စကို အကြီးအကဲ အားပေးထောက်ခံ
Donate to DVB

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံဘုရားတွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ရေး ထောက်ခံအားပေးသွားမယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အကြီးအကဲက ကတိပြုပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူနက်စကိုအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စ အီရီနာ ဘိုကိုဗာတို့ စက်တင်ဘာ ၁၉ ရက် မနက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ ယူနက်စကိုက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၄ ရက်နေ့က မြေငလျင်လှုပ်ခတ်ပြီး ၄၈ နာရီမှာ ယူနက်စကိုအဖွဲ့တခု ပုဂံကို စေလွှတ်ခဲ့ပြီး ၁၁ ရာစုနှစ် ရှေးဟောင်းစေတီဘုရားတွေကို ပြန်လည်ထိန်းသိမ်း ပြင်ဆင်မွမ်းမံရေးအတွက် ဘက်စုံ ကဏ္ဍစုံ အစီအစဉ်တခု ချမှတ်လုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့  မစ္စဘိုကိုဗာက ပြောပါတယ်။

“ပုဂံကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် မှတ်တမ်းတင်ရေး လုပ်ငန်းစဉ်ကို အားပေးထောက်ခံဖို့ ကျမတို့ အစွမ်းကုန် ကတိပေးပါတယ်။ ထိန်းသိမ်းကာကွယ်ခြင်းနဲ့ ပြန်ပြင်ဆင်မွမ်းမံခြင်းတွေကို အလောသုံးဆယ် တက်သုတ်ရိုက် ဆောင်ရွက်မှာ မဟုတ်ပါဘူး။  ဒါပေမယ့် စစ်မှန်မှုနဲ့ ရိုးရာယဉ်ကျေးမှု ၀တ္ထုပစ္စည်းတွေ အသုံးပြုမှုကို အကြီးအကျယ် ဂရုတစိုက်လုပ်သွားမယ်လို့ အခိုင်အမာ သတင်းစကားပါးလိုပါတယ်။”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပုဂံဒေသရှိ စေတီပုထိုးတွေကို ပြန်လည် ပြုပြင်မွမ်းမံရာမှာ ရှေးမူအတိုင်း ပြန်လည်ပြုပြင်လုပ်ဆောင်ဖို့၊ ယူနက်စကိုက နည်းပညာပိုင်းနဲ့ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးဖို့၊ အထူးသဖြင့် ပြန်လည်ပြုပြင်ရာမှာ အရင်လုပ်ခဲ့သလို  ကွန်ကရစ်တွေကို ထပ်မံ အသုံးမပြုဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာလူငယ်တွေအနေနဲ့ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေ စုရုံးလေ့လာနိုင်ဖို့အတွက် ပြတိုက်တွေရဲ့ အဆင့်အတန်း မြှင့်တင်ဖို့ ဆန္ဒရှိကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ပြည်သူတွေအကြား မကွဲပြားစေဘဲ ပေါင်းစည်းမယ့် အင်အားတခု ဖြစ်စေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ယူနက်စကိုအနေနဲ့ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေရဲ့ ပညာရေးကို အားကောင်းလာအောင် ဆောင်ရွက်ပေးတာ အပါအ၀င် ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့  ပံ့ပိုးကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မီဒီယာဥပဒေ၊ သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ စွမ်းရည်မြှင့်တင်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် လူမှုကွန်ရက်တွေကနေ အမုန်းစကား ပြောဆိုရေးသားမှုတွေကို ဆန့်ကျင်ဖို့ အရေးကြီးပုံကို ဒေါ်အောင်ဆန်းစုကြည်က  ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013