
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၁၇/၇ မှာ ဇွန် ၂၂ ရက် မနက်စောပိုင်းက ခရီးသည်တင်ယာဥ် ၂ စီးတိုက်မိပြီး အမျိုးသား ၃ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်မှာ ရန်ကုန်-မန္တ လေး အမြန်လမ်းအတိုင် မောင်းနှင်နေတဲ့ ရတနာဖြိုး Express အမြန်ယာဉ်ကို နောက်မှ လားရာတူမောင်းနှင်လာတဲ့ ရွှေမန္တလာ Express ယာဉ်က ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ် ၂ စီးလုံးရဲ့ ယာဉ်မောင်းတွေ သေဆုံးခဲ့ကာ ယာဉ်နောက်လိုက်တယောက် သေဆုံးပြီး နောက်ထပ် ယာဉ်နောက်လိုက်တယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ ၁၁၅ မိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်က ကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက် ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ယာဉ်နောက်လိုက် တယောက်၊ ကိုရင်တပါးနဲ့ ယာဉ်ပေါ်ပါ အမျိုးသား ၂ ယောက်လည်း ပါဝင်ပြီး ဒဏ်ရသူတွေကို ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/၇)အနီးမှာ Express ကား ၃ စီးအပါအဝင် ယာဥ် ၆ စီးဆင့်တိုက်မှုဖြစ်ပွားကာ လူ ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။










