
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ အီရန်နိုင်ငံရှိ နာတန့်ဇ်ယူရေနီယမ် သန့်စင်ရေးစက်ရုံ အနီးမှာ အခိုင်အမာ ဆောက်လုပ်ထားတဲ့ “ပစ်ကက်ခ်စ်တောင်တန်း” မြေအောက်စခန်းကို အမေရိကန်စစ်တပ်က မကြာခင် တိုက်ခိုက်နိုင်တယ်လို့ စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီဖြစ်တဲ့ နာတန့်ဇ်စက်ရုံအနီးက ဒီတောင်တန်းမှာ မြေအောက် အနက်ဆုံး လိုဏ်ခေါင်းစခန်း ၂ ခု ပါဝင်ပြီး အီရန်ရဲ့ အခိုင်အမာဆုံး စစ်ရေးစခန်းတခု ဖြစ်ပါတယ်။
အီရန်ဟာ သန့်စင်ပြီး ယူရေနီယမ်တွေနဲ့ သန့်စင်ရေးစက်ပစ္စည်းတွေကို လေကြောင်း တိုက်ခိုက်မှု ရန်ကနေ ကာကွယ်ဖို့ ဒီစခန်းဆီ ရွှေ့ထားတယ်လို့ အမေရိကန်က စွပ်စွဲထားတာပါ။
တချိန်တည်းမှာပဲ ထရမ့်ပ်က အီရန်ကို နျူကလီးယားလက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မပေးဘူးလို့ အာမခံ ပြောဆိုခဲ့ပြီး အခုဖြစ်နေတာတွေဟာ စစ်ပွဲကြီးမဟုတ်ဘဲ “ခဏခဏ တိုက်လိုက် နားလိုက် လုပ်နေတဲ့ စစ်ရေးအရ ထိတွေ့မှု” သာဖြစ်တာကြောင့် အမေရိကန်အတွက်တော့ “ကိစ္စသေးသေးလေး” သာ ဖြစ်တယ်လို့ လျှော့ချပြောဆိုခဲ့ပါတယ်။
အရင် ဗီယက်နမ်စစ်ပွဲတုန်းက လူသောင်းနဲ့ချီ သေဆုံးခဲ့တာ၊ ဗင်နီဇွဲလားမှာ တယောက်မှ မကျဆုံးခဲ့တာတွေနဲ့ နှိုင်းယှဉ်ပြရင်း အခု အီရန်နဲ့ ဖြစ်နေတဲ့ စစ်ရေးထိတွေ့မှုမှာ အမေရိကန်ဘက်က လူ ၁၈ ယောက်ပဲ ကျဆုံးသေးတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို အခိုင်အမာ ထိန်းချုပ်ထားပြီး အီရန်ရဲ့ ရေနံတွေကိုလည်း ထိန်းချုပ် သိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။
မြေပြင်အခြေအနေမှာတော့ အင်္ဂါနေ့ညက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟိုမုဇ်ဂန်ခရိုင်ရှိ မင်္ဂလာဆောင်နေရာကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် သေဆုံးကာ ၆၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်အစိုးရသတင်းတွေက ဖော်ပြပါတယ်။
ဒါပေမဲ့လည်း ထရမ့်ပ်ကတော့ အီရန်ကို အချိန်မရွေး ထပ်ပြီး တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက် ထားပါတယ်။
အီရန်တာဝန်ရှိသူတွေကတော့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ပယ်ချထားပြီး ပစ်ကက်ခ်စ် တောင်တန်းစခန်းဟာ “လုံးဝ အလွတ်ကြီး ဖြစ်ပြီး ဘာမှမရှိဘူး” လို့ တုံ့ပြန်ထားသလို အမေရိကန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ကျရှုံးဖို့ပဲ ရှိလိမ့်မယ်လို့ ဆိုထားပါတယ်။
Source:Reuters











