
စစ်အာဏာသိမ်းပြီး ၅ နှစ်အတွင်းမှာ ရှေ့တန်းမှာ သေသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စစ်ခေါင်းဆောင်က မြေနေရာပေးခဲ့ပေမဲ့ တယောက်မှ မရဘူးလို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။
ရှေ့တန်းမှာ သေသွားတဲ့ အရာရှိ၊ စစ်သည်တွေကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ ပေ ၂၀ ပေ ၆၀ မြေကွက်ကို မြေကွက်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ ရောင်းချပေးတာလို့ တပ်မိသားစုဝင်တယောက်က ပြောပါတယ်။
"၁၀၂၇ စစ်ဆင်ရေးမှာ သေတဲ့သူတွေများလို့ ရန်ကုန်နဲ့ မန္တလေးမှာ မှီခိုတွေအတွက် မြေကွက်တွေကို ၁၀ ရာခိုင်နှုန်းနဲ့ ရောင်းပေးတာ။ ဥပမာ မြေကွက်တန်ဖိုးက ကျပ်သိန်း ၅၀၀ ဆို သိန်း ၅၀ ပဲ သွင်းရမယ်။ ဝယ်မယ်ဆိုရင် တိုင်းအစိုးရကို လျှောက်ရတယ်။ သူတို့ကတဆင့် ပြန်ရောင်းပေးတာ။ လျှောက်ထားတာ ၃ နှစ်ပြည့်တော့မယ်၊ အခုချိန်ထိ အကြောင်းမပြန်ဘူး။”
မြေကွက်ဝယ်ယူလိုပါက မူလနေခဲ့တဲ့ တပ်ရင်းရဲ့ ထောက်ခံချက်၊ တိုင်းစစ်ဌာနချုပ် ထောက်ခံချက်နဲ့ သေဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ အိမ်ရာချထားပေးရေးကော်မတီမှာ လျှောက်ရတာလို့ တပ်မိသားစုဝင်က ပြောပါတယ်။
"တိုင်းအစိုးရမှာ ဖောင်ဖိုးက ကျပ် ၃၀,၀၀၀၊ စာရွက်စာတမ်းကြေး ၂၀,၀၀၀၊ စုစုပေါင်း ကျပ် ၅၀,၀၀၀ အရင်သွင်းရတယ်။ ပြီးမှ လျှောက်လွှာကို ကော်မတီမှာ တင်ရတယ်။ အခုချိန်ထိတော့ ဗိုလ်ကြီးအဆင့်ကနေ တပ်သားအဆင့်အထိ ရတဲ့အသံ မကြားဘူး။ မသေဘဲ တာဝန်ထမ်းဆောင်နေတဲ့ ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေက ရသွားပြီလို့ ပြောနေကြတယ်။”
သေဆုံးအရာရှိ၊ စစ်သည်တွေသာမက စစ်တပ်က ပင်စင်စားတွေကိုလည်း မြေကွက်လျှောက်ထားခွင့်ပြုခဲ့ပြီး လျှောက်ထားခဲ့တဲ့ အငြိမ်းစားအရာရှိ၊ စစ်သည်တွေလည်း အခုချိန်ထိ မရသေးဘူးလို့ အငြိမ်းစားတပ်မိသားစုဝင်က ပြောပါတယ်။
"ပင်စင်စားတွေကျတော့ မြေကွက်တန်ဖိုး ၂၀ ရာခိုင်နှုန်းနဲ့ ရောင်းပေးတာ။ မြေကွက်တန်ဖိုးက သိန်း ၅၀၀ ကျရင် သိန်း ၁၀၀ သွင်းရမယ်။ ရန်ကုန်မှာ မြေကွက်လျှောက်တဲ့သူ ရာနဲ့ချီရှိတယ်။ အခုချိန်ထိ တယောက်မှ ရတဲ့အသံ မကြားရဘူး။ ဖောင်ဖိုးနဲ့ စာရွက်စာတမ်းကြေး ၅၀,၀၀၀ ကုန်သွားတာပဲ အဖတ်တင်တယ်" လို့ ပြောပါတယ်။
အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာလည်း ရှေ့တန်းမှာ သေဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေကို တိုင်းအစိုးရက ပေ ၂၀ ပေ ၆၀ နဲ့ ပေ ၄၀ ပေ ၆၀ မြေကွက်တွေကို နိုင်ငံတော်သွင်းငွေနဲ့ ရောင်းချပေးတယ်လို့ ဆိုရပေမဲ့ လက်ဝယ်ရရှိသူ နည်းတယ်လို့ လပခတိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက်ပေးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ မိသားစုဝင်တွေ နေရေးအတွက် စစ်တပ်အနေနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးနေတယ်လို့ အာဏာရှင်စစ်ခေါင်းဆောင်ဟောင်းရော စစ်ခေါင်းဆောင်အသစ်ပါ တွေ့ဆုံပွဲတွေမှာ အမြဲပြောဆိုနေပေမဲ့ လက်တွေ့အခြေအနေနဲ့ ကွာခြားနေတာကြောင့် တပ်တွင်းဝေဖန်မှုတွေ မြင့်တက်နေပါတယ်။










