
နေထိုင်မှုစရိတ် မြင့်တက်လာမှုအပေါ် ပြင်သစ်နိုင်ငံ တဝန်း ဆန္ဒပြပွဲတွေ ဖြစ်နေချိန် အောက်တိုဘာ ၁၇ ရက်က လီယွန်မြို့က ခရီးသွားလုပ်ငန်းဆိုင်ရာ ရုံးခန်းတခု မီးရှို့ခံခဲ့ရတယ်လို့ ပြင်သစ်ရုပ်သံလိုင်း BFMTV က ထုတ်လွှင့်ပါတယ်။
ပြင်သစ်နိုင်ငံတဝန်း မြို့ကြီးအများအပြားမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးရင်းဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
နေထိုင်မှုစရိတ် မြင့်တက်လာတာနဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေ ကျဆင်းလာတာတို့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် လူထောင်ပေါင်းများစွာ လမ်းမတွေ ပေါ်ကို ထွက်လာခဲ့ကြတာပါ။
ထိပ်တိုက်တွေ့တာတွေကြောင့် လွန်ခဲ့တဲ့ နှစ်တွေအတွင်း အကြမ်းဖက်မှု အများဆုံး ဖြစ်ခဲ့တဲ့ နေ့ရက်တွေထဲက တရက် ဖြစ်လာခဲ့ပါတယ်။
ပါရီမြို့တော်မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက် အောက်တိုဘာ ၁၇ ရက်မှာ မီးလောင်နေတဲ့ ယာဉ်တစီးကို မီးသတ်တပ်ဖွဲ့ဝင်တွေက အမြန်ငြှိမ်းသတ်ခဲ့ရပါတယ်။
ပါရီမြို့၊ နိုင်ငံတောင်ပိုင်းက မာဆေးလ်မြို့၊ အနောက်မြောက်ပိုင်းက ရန်းမြို့၊ အနောက် တောင်ပိုင်းက တူးလူစ်မြို့နဲ့ အနောက်ပိုင်းက အော်ဂျီမြို့တို့ အပါအဝင် နေရာအများအပြားမှာ မျက်နှာဖုံးစွပ်ထားသူတွေ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး၊ နေ့လယ်အထိ လူပေါင်း ၂၇၂ ယောက်လောက် အဖမ်းခံခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့လက ပါရီမြို့ မြောက်ဘက်ပိုင်းက ဆင်းရဲနွမ်းပါးတဲ့ ဆင်ခြေဖုံးရပ်ကွက် တွေက အထက်တန်းကျောင်းတွေကနေ စတင်ခဲ့တာပါ။
အဲဒီနေရာတွေမှာ ဆရာ၊ ဆရာမ လိုအပ်ချက်တွေနဲ့ ကျောင်းအဆောက်အအုံ၊ ပစ္စည်းကိရိယာတွေ ယိုယွင်း ပျက်စီးနေမှုအပေါ် မကျေနပ်ခဲ့ရာက၊ နောက်ပိုင်းမှာ မညီမျှမှုတွေ၊ အစိုးရရဲ့ ဘဏ္ဍာငွေသုံးစွဲမှုတွေနဲ့ လူနေမှု အဆင့်အတန်းဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထားတဲ့ ပိုကျယ်ပြန့်တဲ့ လှုပ်ရှားမှုတခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
၂၀၁၈ 'Yellow Vest' လှုပ်ရှားမှုတုန်းကတော့ လောင်စာဆီဈေးနှုန်းက အဓိကအကြောင်းရင်း ဖြစ်ခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ အထက်တန်းကျောင်းသားတွေရဲ့ လှုပ်ရှားမှု ဖြစ်နေပါတယ်လို့ ဆန္ဒပြသူ ဂက်ဘာမေစ်လင်မ်က ပြောပါတယ်။
“လူတွေက တောင်းဆိုချက်အမျိုးမျိုးကို ဖော်ပြဖို့ ဒီလှုပ်ရှားမှုမှာ ပါဝင်လာကြတာကိုက အလှ တရားပါ။ ဘာလို့လဲဆိုတော့ ပြည်သူလူထု တရပ်လုံးကို ဘုံရည်မှန်းချက်တခုတည်း အတွက် စုစည်းပေးနိုင်လို့ပါပဲ။”
ပြင်သစ် သမ္မတမက်ခွန်းဟာ သမ္မတသက်တမ်း နောက်ဆုံးကာလပိုင်းဆီ ရောက်နေပေမဲ့ နိုင်ငံရေးအရ အက်ကွဲနေတဲ့ မဲဆန္ဒရှင်တွေနဲ့ အပိုင်းပိုင်းကွဲပြားနေတဲ့ နိုင်ငံရေး အခြေအနေမျိုးကိုသာ ချန်ထားခဲ့ရမဲ့ အခြေအနေမှာ ရှိနေပါတယ်။
မြင့်တက်လာနေတဲ့ အစိုးရကြွေးမြီတွေကို လျှော့ချဖို့ ကြိုးပမ်းချက် တွေက ရင်းနှီးမြှုပ်နှံသူတွေ အပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။
ရင်းနှီးမြှုပ်နှံသူတွေက ပြင်သစ်အစိုးရ ငွေချေးစာချုပ်တွေကို ရောင်းထုတ်ပစ်လိုက်ကြလို့ အစိုးရရဲ့ ချေးငွေရယူစရိတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပါတယ်။
Source: Reuters











